ကောလင်း-ဝန်းသို ကားလမ်းဘေးနားရှိ ကျေးရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ကောလင်း-ဝန်းသို ကားလမ်းဘေး တလျှောက်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ Kawlin Revolution-KR က ဖော်ပြထားပါတယ်။
ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စိန်လည်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ သပြေသာကျေးရွာတွေကို စစ်အုပ်စုက ရွာစဉ်ပတ်ကာ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူတွေကို မီးရှို့မဖျက်ဆီးမီ ကျေးရွာအတွင်းမှ ထွက်ခွာခိုင်းခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်အားလုံး နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သိမ်လည်ကျေးရွာမှ အမျိုးသမီးတစ်ဦး မီးထဲပါသွားတယ်လို့ Kawlin Revolution-KR ရဲ့ သတင်းအချက်တွေအရ သိရပါတယ်။
ဧပြီလ ၂၃ ရက်နေ့က ကောလင်းမြို့နေ ဝန်းသိုမြို့ဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၃ ဦးနီးပါး သေဆုံးပြီး ၁၄ ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီးနောက် အခုလို ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။