
“လယ်ကွင်းထဲတွင် ရိတ်သိမ်းပြီး စပါးစည်းများကို အကာအကွယ်မဲ့ မထားသင့်ပါ။ ခြွေလှေ့ပြီးပါက နေရောင်ခြည် ရရှိချိန်၌ အမြန်ဆုံးလှန်းရပါမည်။ မိုးကာစများ အဆင်သင့်ပြင်ဆင်ထားရပါမည်”
၂၉၊ နိုဝင်ဘာ။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး အဲဒီရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင် ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေကို ရေငွေ့အချို့ စိမ့်ဝင်မှု ဖြစ်ပေါ်စေနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့် မှန်းထားပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကပ္ပလီပင်လယ်တောင်ပိုင်းမှာ စတင်ဖြစ်လာမယ့် လေပွေလှိုင်းဟာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၁ ရက်ကနေ ၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံ တမီးလ်နာဒူး ကမ်းရိုးတန်းဘက်သို့ ဦးတည် ရွေ့လျားမယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းပေါ်သို့ မုန်တိုင်းအရှိန် သက်ရောက်မှု လုံး၀မရှိဘဲ မြန်မာနိုင်ငံ တောင်ပိုင်း ပင်လယ်ပြင် နှင့် ကမ်းရိုးတန်း ဒေသများသို့သာ ရေငွေ့အချို့ စိမ့်ဝင်မှု ဖြစ်ပေါ်စေပါမည်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
အဲဒီလို ပင်လယ်ရေငွေ့တွေ စိမ့်ဝင်လာမှုကြောင့် ဧရာ၀တီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်း တို့ရှိ ကမ်းရိုးတန်းနှင့် မြစ်၀ကျွန်း ပေါ်ဒေသများတွင် တိမ်ထူထပ်ပြီး မိုးဖွဲ သို့မဟုတ် နေရာကွက်ကျား မိုးပြေးများ ရက်ဆက်ဖြစ်ပေါ်နိုင်ကာ မုတ္တမ ကွေ့အနီး မြို့နယ်တွေမှာ မိုးရွာသွန်းနိုင်ခြေ အနည်းငယ် ပိုများမယ်လို့ ဆိုပါတယ်။
“လယ်ကွင်းထဲတွင် ရိတ်သိမ်းပြီး စပါးစည်းများကို အကာအကွယ်မဲ့ မထားသင့်ပါ။ ခြွေလှေ့ပြီးပါက နေရောင်ခြည် ရရှိချိန်၌ အမြန်ဆုံးလှန်းရပါမည်။ မိုးကာစများ အဆင်သင့်ပြင်ဆင်ထားရပါမည်” လို့ ဦးဝင်းနိုင်က သတိပေးပါ တယ်။
ဆောင်းသီးနှံစိုက်ပျိုးသူတွေအနေနဲ့လည်း မိုးရွာသွန်းမှုကြောင့် စိုထိုင်းဆမြင့်တက်လာနိုင်တဲ့အတွက် ပင်စည်ပုတ်၊ ခေါက်ပုတ်နဲ့ မှိုရောဂါကာကွယ်ဖို့ စိုက်ခင်းရေနုတ်မြောင်းတွေ ဖောက်ထားပြီး မှိုသတ်ဆေး ကြိုတင်ဖျန်းပက်ထားကြဖို့ လိုအပ်ပါတယ်။
ဧရာ၀တီတိုင်း အတွင်းက မြို့နယ်အချို့မှာ အခုနိုဝင်ဘာလအတွင်း မိုးသုံးကြိမ်ထက်မနည်း ရွာသွန်းခဲ့မှုကြောင့် ပဲခင်းအချို့ ရေဝပ်ကာ အဝါရောင်သန်းပြီး ပျက်စီးလုနီးအခြေအနေတွေ ကြုံတွေ့ခဲ့ကြရပါတယ်။