မြို့အင်္ဂါရပ်ကို ရုပ်ဆိုးစေတဲ့ ခြံအလွတ်တွေထဲက မြက်တွေခြုံတွေကို ရှင်းလင်းရမယ်

“စည်ပင်အမှိုက်ကားတောင် မှန်မှန်လာအောင် မလုပ်ပေးနိုင်ပဲ နဲ့ အတင်းလိုက် လုပ်ယူနေတာ ”

၂၈ ၊ နိုဝင်ဘာ

မြက်၊ချုံနွယ်တွေ ထူထပ်ပေါက်နေတဲ့ မြေကွက်တွေဟာ မြို့အင်္ဂါရပ်ကို ထိခိုက်စေတယ်ဆိုပြီး ခုတ်ထွင်ရှင်းလင်းရမယ်လို့  ပဲခူးတိုင်း စည်ပင်က အမိန့်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

​”အချိန်သတ်မှတ်ချက်တော့ ပေးထားတယ် မကြားဘူး။ အမိန့်ထုတ်ထားတာတော့ ဟုတ်တယ်။ ဖော်ရိူးအမိန့် ဆိုပြီးတော့လည်း မြို့ခံတွေက ပြောနေကြတာပဲ”လို့ ပဲခူးမြို့မှ လူမှုကူညီရေး အသင်းအဖွဲ့မှာ ဦးစီးပါဝင်နေသူ တဦးက ပြောပါတယ်။

အဲဒီလို လူ​နေထိုင်တာ မရှိတဲ့ မြေကွက်၊ခြံဝင်းတွေမှာ ခြုံနွယ်၊ထူထပ် ပေါက်ရောက်နေတာကို ရှင်းလင်းဖို့ အရင်လက ရန်ကုန်မှာ သတိပေးချက်ထုတ်ခဲ့အပြီး အခုပဲခူးမြို့မှာပါ လိုက်ပါလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ အဲဒီလို အမြင်မတင့်တယ်တဲ့ ခြံဝင်းတွေကို ပိုင်ရှင် ဒါမှမဟုတ် တာဝန်ခံက ရှင်းလင်းဆောင်ရွက်ဖို့နဲ့ ကိုယ်တိုင်မလုပ်နိုင်ရင် စည်ပင်အဖွဲ့က ဝင်ရှင်းမှာဖြစ်ပြီး ကျသင့်ကုန်ကျစရိတ် ပြန်ပေးသွင်းရမယ်လို့ ဆိုထားပါတယ်။

ပဲခူး​မြို့မှာ​တော့ လူနေထိုင်တဲ့ မြေကွက်တွေနဲ့ လူမနေတဲ့ မြေကွက်၊ မြေကွက်ရဲ့ မျက်နှာစာ ခြံစည်းရိုးနဲ့ လမ်းနယ်နိမိတ်ကြားက အမြင်မတင့်တယ်တဲ့ မြက်၊ ချုံနွယ်ပိတ်ပေါင်းတွေကို ပိုင်ရှင်/ သက်ဆိုင်ရာ တာဝန်ရှိသူ​ဖက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှင်းလင်းဖယ်ရှားရမယ်လို့ သတိပေး ထားပါတယ်။

“စည်ပင်အမှိုက်ကားတောင် မှန်မှန်လာအောင် မလုပ်ပေးနိုင်ပဲ နဲ့ အတင်းလိုက် လုပ်ယူနေတာ ” လို့ ပဲခူးမြို့ ကလျာဏီရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

ပဲခူးစည်ပင်ကတော့ ပွင့်လင်းရာသီ ရောက်လာတဲ့အ​အပြင် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ လိုအပ်လာတဲ့အတွက် အခုလို အမိန့်ထုတ်ရတာလို့ ဆိုသလို ပူးပေါင်းလိုက်နာ ဆောင်ရွက်ဖို့ အသိပေးထားပါတယ်။