အောက်တိုဘာ ၊ ၂၆
မြန်မာပြည်တွင်းနိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အရေးဟာ အာဏာရှင်စနစ်နဲ့ အဲ့ဒီ စနစ်ရဲ့ထောက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားပစ်မှပဲ ဖြစ်နိုင်လိမ့်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် SNLD ပါတီက သူတို့ရဲ့သဘောထားရပ်တည်ချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဝါရင့် ဒီမိုကရေစီ အင်အားစုပါတီတရပ်အဖြစ် လူသိများတဲ့ SNLD ပါတီက ပါတီ တည်ထောင်ခြင်း ၃၆နှစ်မြောက် နှစ်ပတ်လည်အဖြစ် သူတို့နိုင်ငံရေးရပ်တည်ချက်သဘောထားကို ထုတ်ပြန်လာတာပါ။
“မြန်မာနိုင်ငံ၏ ကမ္ဘာ့စံချိန်တင် ကြာရှည်သည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုး ရှည်နေခြင်းဖြစ်သည်” လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် အာဏာရှင်စနစ်နဲ့ အဲ့ဒီ စနစ်ရဲ့ထောက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားပစ်နိုင်မှသာ ခေတ်စနစ်အခြေ အနေနဲ့ လိုက်လျောညီထွေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း စုပေါင်းတည်ထောင်နိုင်မှာဖြစ်ကြောင်း လေး လေးနက်နက်ခံယူတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ဆိုတာ ကြွေးကြော်သံ သက်သက်မျှသာရှိခဲ့တာ”လို့ SNLD ပါတီ ဒုတိယဥက္ကဌ(၁)စဝ်ခမ်းပိုင်ဖက ဒီကနေ့ ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အခမ်းအနားမှာပြောပါတယ်။
ဒါပေမယ့် တဆက်တည်းမှာ မတရားသဖြင့် လက်နက်ကိုင်အနိုင်ကျင့်မှုကို မလွှဲမရှောင်သာ ဆန့်ကျင်တွန်းလှန်ရ မှာဖြစ်ပေမယ့် တိုက်ခိုက်ရေးအောင်ပွဲတွေကနေ ပြည်သူ့နိုင်ငံရေးအောင်ပွဲတွေအထိ ဆက်လက်သယ် ဆောင်ပေး နိုင်မှ တည်ငြိမ်အေးချမ်းမှုအစစ်အမှန်ကို ခံစားရလိမ့်မယ်လို့ ခံယူကြောင်းလည်း SNLD က သူတို့ရဲ့ သဘော ထားကို ဖော်ပြပါတယ်။
ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ထွန်ဦး ဦးဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း စတင်တည်ထောင်ခဲ့တဲ့ SNLD ပါတီဟာ ၁၉၉၀ ပြည့်ကစလို့ သူတို့ဝင်ပြိုင်ခဲ့တဲ့ ရွေး ကောက်ပွဲတွေမှာ ရှမ်းပြည်နယ်အတွင်း အဓိက အနိုင်ရပါတီအဖြစ်ရပ်တည်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးပါတီဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း ၄၂နေရာ အနိုင်ရပြီး တတိယနေရာ အ များဆုံး အနိုင်ရပါတီဖြစ်ခဲ့တဲ့ SNLD ပါတီဟာ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း အတိအလင်းထုတ်ပြော ထား သလို စစ်ကောင်စီလက်ထက် နိုင်ငံရေးပါတီတွေမှတ်ပုံပြန် တင်ဖို့ညွှန်ကြားမှုကို လက်မခံဘဲ ငြင်းဆန် ထား တာပါ။
လက်ရှိမြန်မာ့ ပြည်တွင်းရေး ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံကြီးတချို့က စီးပိုးကြိုးကိုင်ကာ လူထုဆန္ဒကို လျစ် လျှူရှုပြီး တဖတ်သတ်ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေကို ဒီမိုကရေစီဘက်တော်သားအချင်းချင်း တစိတ်တဝမ်း တည်းသော ပြည်ထောင်စုစိတ်ဓာတ်နဲ့သာကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း SNLD ကထောက်ပြထားပါတယ်။
“ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းဟစ်ပြီး လူထုအုပ်ချုပ်ရေး အ စစ်အမှန်ပေါ်ပေါက်ရေးကို လက်တလုံးခြားပြုဆန့်ကျင်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာစေရေး ကြိုး ပမ်းလျက်ရှိနေသည်ကို မျက်နှာဖုံးခွာချကြရန်လည်းလိုအပ်နေပါသည်”လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုင်းပြည်အုပ်ချုပ်ရေးစနစ် မပြောင်းဘဲ အုပ်ချုပ်သူတစု ပြောင်းလဲရုံနဲ့ ဒီမိုကရေစီကျင့်သုံးနိုင်ဖို့နဲ့ ဖက်ဒရယ် နိုင်ငံ ရေးစနစ်ဖြစ်ထွန်းလာဖို့တွေ ဖြစ်လာမှာမဟုတ်သလို လူထုကိုယ်တိုင်ပါဝင်လုပ်ကိုင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး အခင်းအကျင်းမပေါ်ပေါက်သေးသမျှ နိုင်ငံရေးပြဿနာတွေဖြေရှင်းမှု ပြီးဆုံးမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
SNLD ပါတီအနေနဲ့ကတော့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို ခိုင်ခိုင်ကျည်ကျည် သစ္စာပြုပြီး ဒီမိုကရေစီမိတ်ဖက် အချင်းချင်း လက်တွဲညီညီချီတက်ကြဖို့ နိုင်ငံရေးရပ်တည်ချက်သဘောထားရှိတယ်လို့ ထည့် သွင်းအသိပေးထားပါတယ်။
“နိုင်ငံရေးမိတ်ဆွေတွေနဲ့ လက်တွဲပီး ကျွန်တော်တို့ရဲ့ပြည်သူလူထုဖြစ်စေချင်တဲ့အတိုင်း ပြည်သူတွေရဲ့ စိတ်ဆန္ဒ တွေနဲ့ ကိုက်ညီပြီး ပြည့်သူ့ဘဝနဲ့ထိုက်တန်တဲ့ အခြေအနေမျိုးကိုပြန်ရောက်လာအောင် ကျွန်တော်တို့အစဉ်တစိုက် အမြဲတမ်းကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိစေလိုပါတယ်”လို့ ပါတီ ဥက္ကဌစိုင်းညွန့်လွင်ကဆိုပါတယ်။
ဒါ့အပြင် လက်ရှိကာလ အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် တမင်ရည်ရွယ် အကြမ်းဖက်နေတာတွေနဲ့ မဆင်မခြင်တုံ့ပြန်ခုခံမှုတချို့ကြောင့် ဒုက္ခပင်လယ်ဝေနေတဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးအတွက်လူမမယ် က လေးတွေ၊အမျိုးသမီးနဲ့ လူငယ်တွေရဲ့ အနာဂတ်ပညာရေးကို ဦးစားပေးဆောင်ရွက်ဖို့အရေးကြီးတယ်လို့လည်း တိုက်တွန်းထားပါတယ်။
“စစ်ကြောင့် ပညာရေးခါးဆက်မပြတ်ရအောင် ဝိုင်းဝန်းကြံဆောင်ကြရမည်သာဖြစ်သည်”လို့ SNLD က အကြုံပြု တိုက်တွန်းပါတယ်။
လက်ရှိ SNLD ပါတီဥက္ကဌ စိုင်းညွန့်လွင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေအတွင်း စစ်မက် ပဋိပက္ခတွေ ကြား ထိခိုက်ခံစားနေရတဲ့ အမာခံပါတီဝင်တွေနဲ့ မဲဆန္ဒရှင်တွေအတွက် ပါတီတရပ်အနေနဲ့ ကာကွယ်မပေးနိုင် တဲ့ အပေါ် တောင်းပန်တဲ့အကြောင်း ပြောပါတယ်။