မန္တလေးမှာ စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီး ဗုံးပေါက်

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈လမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၅ရက်နေ့ မနက် ၇နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။

“မနက်အစာပိုင်းက ဖြစ်သွားတာပါ လက်လုပ်ဗုံးလို့ပြောတယ် အသံတော့ကြားလိုက်တယ်၊ အနားမှာ ဂျပ်ဖာကောက်နေတဲ့ အမျိုးသမီးတစ်ယောက် သေသွားတယ်ကြားတယ်၊ စစ်တပ်ကတော့ ပိတ်စစ်နေတယ် လုံခြုံရေးထပ်ချထားတယ် အဲ့ခန်းမက ဟိုကောင့်သားပိုင်တဲ့ ခန်းမလို့ကြားတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဒေသခံတော်လှန်ရေးအင်အားစုတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့နေရာကို တိုက်ခိုက်သွားဖို့ သတင်းထုတ်ပြန်ထားပြီး စစ်အုပ်စုတွေနဲ့ အနီးကပ်မနေထိုင်ဖို့ ပြည်သူတွေကို အသိပေးထားပါတယ်။

(ဓာတ်ပုံ- လူမှုကွန်ရက်)