မန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုနှစ်မှုကျူးလွန်သူတွေကို ဖမ်းမိတယ်လို့ဆို

မေ၊ ၆

မေ၊ ၆
 
မန္တလေးမြို့မှာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေနဲ့ပက်သက်ပြီး ကျူးလွန်ခဲ့သူခြောက်ဦးနဲ့ ရွှေထည်ပစ္စည်းတွေကို လက်ခံဝယ်ယူခဲ့တဲ့ရွှေဆိုင်နဲ့ ရွှေကောက်လုပ်ငန်းပိုင်ရှင်ငါးဦးကို ဖမ်းမိထားပြီလို့ စစ်ကောင်စီက ဒီကနေ့ထုတ်ပြန်လာပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုနှစ် ဧပြီလတွေအတွင်း ပြည်ကြီးတံခွန်မြို့နယ် နဲ့ ပုသိမ်ကြီးမြို့နယ်က ရွှေဆိုင်နှစ်ဆိုင်ကို ဓားပြတိုက်ရာမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို အခုလအတွင်း လက်နက်ခဲယမ်းတချို့၊ ရွှေထည်နဲ့ ငွေသားစုစုပေါင်း သိန်းကိုးရာကျော်နဲ့အတူ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။
 
ဓားပြတိုက်မှုတွေမှာ အသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းတချို့၊ ရွှေဆိုင်တွေက ဓားပြတိုက်လု ယက်ခဲ့တဲ့ ကာလတန်ဖိုး သိန်း (၆၅၀)နီးပါးတန်ဖိုးရှိ ရွှေထည်တွေ၊ ငွေသား သိန်း (၂၆၀)ကျော်တို့နဲ့အတူ ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
 
” တရားခံအစစ်တွေဆိုရင်တော့ ကောင်းတာပေါ့ဗျ၊ ဖမ်းမိပြီးတော့ ပြန်မလွှတ်ပေးရင် ပိုကောင်းတယ်၊ အခုက ကိုယ့်ဘာသာအိမ်မှာနေရင်း အရောင်းအဝယ်လုပ်နေရင်တောင် ကြောက်နေရတယ်၊ ဘယ်သူမှ မလုံခြုံကြဘူး၊ အခုက ဘာဖြစ်နေလည်းဆိုတော့ လမ်းပေါ်ထွက်တော့လည်း ဓားနဲ့ခုတ်အလုခံရတယ်၊ အိမ်မှာနေတော့ကျပြန်လည်း ဓားပြတိုက်ခံရတယ်၊ ဖုန်းဆိုင်တွေ ရွှေဆိုင်တွေဆို ပိုဆိုးတာပေါ့ ” လို့ တပတ်ရစ်ဖုန်းတွေ အရောင်းအဝယ်ဆိုင်ဖွင့်ထားတဲ့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
 
အခုဖမ်းဆီးရမိခဲ့သူတွေမှာ ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့တယ်လို့ဆိုသူ လူငယ်အမျိုးသား လေးဦး၊ မိသားစုဝင် နှစ်ဦးပါဝင်ပြီး နောက်ထပ်ငါးဦးကတော့ တိုက်ရာပါ ရွှေထည်တွေကို လက်ခံဝယ်ယူခဲ့တဲ့ ရွှေလုပ်ငန်းပိုင်ရှင်တွေဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁)ဈေးပေါက်က ထိပ်တန်းရွှေဆိုင် ဧပြီ ၁၉ ရက်မှာ ဓားပြတိုက်ခံရမှု၊ ပုသိမ်ကြီးမြို့နယ် နာရီစင်အနီးက အောင်သပြေရွှေဆိုင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဓားပြတိုက်ခံရမှုတွေမှာ ကျူးလွန်ပတ်သက်ခဲ့သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
 
ဓားပြတိုက်ရာကနေ ရရှိလာတဲ့ ရွှေထည်တွေကို လက်ခံဝယ်ယူခဲ့တဲ့ စိန်မြင့်မိုရ် ရွှေဆိုင်၊ မန္တလာ ရွှေစင်ရွှေသန့်စင်ဆိုင်၊ ဝင့်ထည်ဝါ၊ စိန်ရွှေမြနှင့် အောင်ပြည့်ဖြိုး ရွှေကောက်လုပ်ငန်းတို့ကိုလည်း အရေးယူမယ်လို့ ဆိုပါတယ်။