ထင်သလောက် မဟုတ်တဲ့အပြင် မြန်မြန်ဆန်ဆန် ပြုန်းတီးနေပြန်တဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အင်အား

မေ၊ ၆

(ယုံကြည်စိတ်ချရလောက်တဲ့ အချက်အလက်တွေ မရနိုင်ခြင်းကြောင့် စစ်ကောင်စီရဲ့ အင်အားရယ်၊ နိုင်ငံမှာ ကြုံနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မယ့် သူတို့ရဲ့ အခန်းကဏ္ဍရယ်ကို နိုင်ငံတကာက ပိုပိုသာသာ တွက်ဆမိနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)

 

မြန်မာ့ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးဖို့ အားထုတ် ကြိုးစားလိုတဲ့ နိုင်ငံတကာ အသိုက်အဝန်းက ပုဂ္ဂိုလ်တွေ အတွက်တော့ ဓမ္မဓိဋ္ဌာန်ကျတဲ့ အတွေးတခုအနေနဲ့ လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမှုမျိုးအတွက်မဆို အာဏာသိမ်း စစ်တပ်ကို ဦးတည်သင့်တယ်လို့ ယူဆကြပါတယ်။ ဒီလို တွေးခေါ်ကြတယ် ဆိုတာကလည်း စစ်တပ်ရဲ့ ကဏ္ဍဟာ ကျဆုံးလို့ မရလောက်အောင် ကြီးမားလွန်းနေတယ်ဆိုတဲ့ အယူအဆကနေ ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ တကယ်ပဲ အဲဒီလို အနေအထား ဖြစ်နေသလား။ စစ်တပ်ဆိုတာ အလုံပိတ် အဖွဲ့အစည်း တခုဖြစ်ပြီး ပွင့်လင်းမြင်သာမှု နည်းလွန်းပါတယ်။ သူတို့ရဲ့ တကယ့် ဖွဲ့စည်းပုံ ပမာဏ အစစ်အမှန် ဆိုတာက လျှို့ဝှက်ပြီး ပဟေဠိ ဆန်နေတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။

အောက်မှာ ရှင်းပြမယ့် အချက်တွေကို ကြည့်မယ်ဆိုရင် လေ့လာသူတွေဟာ ယုံကြည် စိတ်ချရလောက်တဲ့ အချက်အလက်မျိုးတွ မရနိုင်ဘဲနဲ့ စစ်တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အင်အားကို ခန့်မှန်းတဲ့အခါ ကိန်းဂဏန်းတွေက လက်တွေ့ထက် အရမ်း မြင့်မားနေမယ်လို့ အတွေးဝင်လာစေပါလိမ့်မယ်။ မျက်စိလျှမ်းသွားတဲ့ အချက်အလက်တွေ၊ ပြီးတော့ စစ်သားဟောင်းတွေနဲ့ အင်တာဗျူးတွေ၊ စစ်တပ်ရဲ့ ပေါက်ကြားလာတဲ့ အတွင်းသတင်း မှတ်တမ်း မှတ်ရာတွေကို စစ်စစ်ပေါက်ပေါက် နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း အင်အား ဆုတ်ယုတ်လာနေတဲ့အပြင် လူသစ် စုဆောင်းနိုင်စွမ်း ကင်းမဲ့မှု ပြဿနာကလည်း တစထက်တစ ကြီးထွားလာနေတယ်ဆိုတာ မြင်သာပါလိမ့်မယ်။

လေ့လာစောင့်ကြည့်သူတွေ အားလုံးလိုလိုက အာဏာသိမ်းမှု နောက်ပိုင်း ကာလတလျှောက် စစ်တပ်ဟာ ထင်သာမြင်သာ အင်အား ယုတ်လျော့လာနေတယ် ဆိုတာကို လက်ခံထားကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှု မတိုင်ခင် ကာလတွေတုန်းက မတိမကျ အချက်အလက်တွေကို အခြေခံပြီး ပိုပိုသာသာ တွက်ချက်ထားတဲ့ စစ်အင်အားကို အခုအချိန်မှာလည်း စံပြုတန်ဖိုး အနေနဲ့ အသုံးပြုနေတုန်းပါပဲ။ ရနိုင်သမျှ အချက်အလက်တွေကို အခြေခံပြီး စစ်တပ်ရဲ့ ဖွဲ့စည်းပုံတွေ၊ အင်အားတွေကို ခန့်မှန်းကြတဲ့အခါ နောက်ပိုင်းမှာ သံသယ ဖြစ်လောက်စရာ ကွာဟမှုတွေ ရှိလာပါတယ်။ အာဏာ မသိမ်းခင်တုန်းက မြန်မာစစ်တပ်ရဲ့ စုစုပေါင်း အင်အားဟာ ၃ သိန်းနဲ့ ၄ သိန်းကြား ရှိနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆမှုတွေ ရှိခဲ့ဖူးတယ်။ အဲဒီ ခန့်မှန်းမှုကလည်း အပြည့်အဝ မယုံကြည်နိုင်လောက်တဲ့ အချက်အလက်တွေကို အခြေခံ တွက်ချက်ထားတဲ့ သဘောပါပဲ။ တကယ့် အင်အား အစစ်အမှန်က သမိုင်းတလျှောက် လက်ခံထားတဲ့ ရည်ညွှန်း ကိန်းဂဏန်းတွေရဲ့ တဝက်ထက် မပိုလောက်ပါဘူး။

အခုတင်ပြမယ့် ကွဲပြားတဲ့ ရှုထောင့်က ခန့်မှန်းချက်ကတော့ တပ်ပြေးတွေ၊ ဘက်ပြောင်း ခိုလှုံလာသူတွေနဲ့ ထဲထဲဝင်ဝင် အင်တာဗျူး မေးမြန်းထားတာတွေ၊ စစ်တပ်ရဲ့ အတွင်းရေး ညွှန်ကြားမှုနဲ့ အစည်းအဝေး မှတ်တမ်းတွေအပေါ် ဆန်းစစ်ချက်တွေ၊ တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ အင်အားဆိုင်ရာ သမိုင်းကြောင်း မှတ်တမ်းတွေ၊ ပဋိပက္ခ နယ်မြေတွေမှာ ကနဦး ရေတွက်ထားတဲ့ အချက်အလက်တွေနဲ့ စစ်ဆေးရုံတွေက အချက်အလက်တွေကို ခြုံငုံသုံးသပ်ပြီး အခြေခံထားတာ ဖြစ်ပါတယ်။ ကျွန်တော့် ကောက်ချက်ကတော့ မြန်မာစစ်တပ်မှာ လောလောဆယ် တပ်ဖွဲ့ဝင် ၁ သိန်းခွဲလောက် ရှိပါလိမ့်မယ်။ အကြမ်းဖျင်းအားဖြင့် ၇ သောင်းလောက်က တိုက်ခိုက်ရေး အင်အားစုတွေ ဖြစ်ပါလိမ့်မယ်။ စစ်မှုထမ်း ၂ သောင်း ၁ ထောင်လောက်ဟာ အာဏာသိမ်းမှု နောက်ပိုင်း သေကြေ ဒဏ်ရာရမှု၊ တပ်ကနေ ထွက်ပြေးမှု၊ ဘက်ပြောင်း ခိုလှုံ (အလင်းဝင်)မှုတွေကြောင့် ပြုန်းတီး အင်အား ဖြစ်သွားလောက်ပါပြီ။ ဒီတော့ လက်ကျန် အင်အားလောက်နဲ့ဆိုရင် စစ်တပ်ဟာ သူတို့ကိုယ်သူတို့ တိုက်ခိုက်ရေး အစုအဖွဲ့ကြီး တခုအနေနဲ့တောင် ရပ်တည်ဖို့ ခက်လောက်အောင် ယဲ့ယဲ့ပဲ ကျန်ပါလိမ့်မယ်။ အစိုးရ အနေနဲ့ ရပ်တည်ဖို့ကတော့ ဝေလာဝေးပါပဲ။

ပိုပိုပြီး ချိနဲ့လာနေတဲ့ စစ်တပ်ဟာ တော်လှန်ရေး လှုပ်ရှားမှုတွေကို အနိုင်ယူ ကျော်လွှားပြီး သူတို့ရဲ့ ခြယ်လှယ် ကြီးစိုးမှုကို ခိုင်မာအောင် တည်ဆောက်နိုင်မယ်ဆိုတဲ့ အယူအဆမျိုးက ရှေ့ဆက်ပြီး လက်တွေ့ မကျတော့ပါဘူး။ ဒီတော့ နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်တွင်းစစ်မှာ နိုင်ခြေရှိပြီး နိုင်ငံရဲ့ တည်ငြိမ်မှုကို ဆောင်ယူနိုင်ဖို့ ယုံကြည်လောက်တဲ့ အင်အားရှိတဲ့ တခုတည်းသော အစုအဖွဲ့အနေနဲ့ စစ်တပ်ကို ထင်မြင်ယူဆပြီး ထိတွေ့ ဆက်ဆံနေတာ မှန်သမျှကို ရပ်တန်းက ရပ်သင့်ပါပြီ။ အဲဒီလိုမျိုး သူတို့ကို အရောတဝင် လုပ်လေလေ၊ သူတို့ဟာ တော်လှန်ရေးကို ဖိနှိပ်နိုင်ပြီး တွေ့ဆုံ ဆွေးနွေးမှု စားပွဲဝိုင်းမှာ စစ်အစိုးရအဖြစ် အခန့်သား နေရာယူနိုင်မယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ထင်ယောင်ထင်မှား စိတ်ရောဂါကို ပိုပြီး ဆိုးဝါးလေလေ ဖြစ်စေပါလိမ့်မယ်။

အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၁ ခုနှစ်လောက်ထိ မြန်မာစစ်တပ်မှာ အမြဲတမ်း အင်အား ၄ သိန်းလောက် ရှိမယ်လို့ ကမ္ဘာအနှံ့က စစ်တပ်တွေရဲ့ အင်အားကို နှစ်စဉ် ပုံမှန် ဆန်းစစ် ခန့်မှန်းလေ့ရှိတဲ့ GlobalFirepower.com ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ဖူးပါတယ်။ CIA ထောက်လှမ်းရေး ဌာနရဲ့ the World Factbook ထောက်လှမ်းရေး အစီရင်ခံစာမှာ ဆိုရင်လည်း အာဏာသိမ်း စစ်တပ်ရဲ့ အင်အားဟာ ၃ သိန်းကျော်ကနေ ၄ သိန်းလောက်ထိ များပြားနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနေကြကြောင်း သုံးသပ်ပြထားပါတယ်။ တခြား ခန့်မှန်းချက်တွေကို လေ့လာကြည့်ရင်လည်း စစ်တပ်ရဲ့ အင်အားဟာ ၃ သိန်းနဲ့ ၃ သိန်းခွဲကြား ဖြစ်နိုင်တယ်လို့ ယေဘုယျ ထင်ကြေးပေးထားတာ တွေ့ရပါလိမ့်မယ်။

အကျိုးဆက်ကတော့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့ ကိစ္စအပြီး လက်နက်အင်အား အပြတ်အသတ် အားနည်းတဲ့ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ရာမှာ စစ်တပ်က အရှုံးကြီးတွေ ရှုံးနေတဲ့အပေါ် အဲဒီလို ခန့်မှန်းခဲ့ဖူးတဲ့ လေ့လာသူတွေ ကိုယ်တိုင် ပြန်အံ့ဩရတဲ့ အခြေအနေ ဖြစ်လာတော့တာပါပဲ။ အဲဒီနောက်မှာတော့ မြန်မာစစ်တပ်ရဲ့ တကယ့် အင်အားက ဘယ်လောက်ရှိမလဲ ဆိုတာဟာ နောက်ထပ် အခြေအတင် ငြင်းခုံစရာ ကိစ္စအဖြစ် ထွက်ပေါ်လာပါတော့တယ်။

၁၉၈၈ ခုနှစ်ကစပြီး စစ်တပ်ဟာ သူတို့ရဲ့ ဖွဲ့စည်းပုံကို သိသိသာသာ တိုးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနစ်အလိုက် အချိုးကျ တပ်ဖွဲ့ဝင် အင်အားကိုတော့ မမြှင့်တင်နိုင်ခဲ့ပါဘူး။ ခြေလျင် တပ်ရင်းတွေရဲ့ အင်အားကို ၁၉၈၈ ခုနှစ်မှာ ၁၆၈ ယောက် သတ်မှတ်ထားရာကနေ ၂၀၀၇ ခုနှစ်မှာ ၅၀၄ ဦးထိ တိုးမြှင့် ဖွဲ့စည်းစေခဲ့ပေမယ့် တကယ့် လူအင်အားကတော့ စီမံကိန်း ချထားတဲ့အတိုင်း ပြည့်မီအောင် ဘယ်တုန်းကမှ စုဆောင်းနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒီတော့ တပ်ရင်းတွေဟာ ဆိုးဆိုးရွားရွား အင်အား မလုံလောက်တဲ့ ပြဿနာတွေနဲ့ နပန်းလုံးနေခဲ့ရပါတယ်။ Building the Tatmadaw (တပ်မတော်ကို တည်ဆောက်ခြင်း) စာအုပ်ကို ရေးသားခဲ့သူ မောင်အောင်မျိုးက ၁၉၈၈ တုန်းက တပ်ရင်းတွေမှာ ၇၇၇ ဦးနဲ့ ဖွဲ့စည်းစေပြီး ၁၉၉၀ ပြည့်လွန် ကာလတွေမှာ ၈၁၄ ဦး၊ (၂၀၀၁ ခုနှစ်မှာ ၈၅၇ ဦး)ထိ တိုးမြှင့်ခဲ့တယ်လို့ ဖော်ပြထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လေ့လာသူ တချို့ရဲ့ အဆိုအရ တပ်ရင်းတွေရဲ့ ပျမ်းမျှ စစ်သည် အင်အားဟာ ၁၉၈၈ ခုနှစ်လောက်မှာ ၆၇၀ ကျော်လောက် ရှိရာကနေ တောက်လျှောက် ဆုတ်ယုတ်လာပြီး ၁၉၉၈ ခုနှစ်လောက်မှာ ၃၅၀ ကျော်၊ ၂၀၀၈ ခုနှစ်ကျတော့ ၂၅၀ ကျော်လောက်ထိ နည်းသွားတယ်လို့ ယုံကြည်ရပါတယ်။

တပ်ရင်းအများစုရဲ့ တကယ့် အင်အား အစစ်အမှန်က ၂၀၀၀ ပြည့်လွန် အလယ်ပိုင်း နှစ်တွေမှာ ၂၀၀ အောက်လောက်သာ ရှိခဲ့ပုံ ရပါတယ်။ ၂၀၀၅ ခုနှစ်လောက်တုန်းက စာရေးသူ ရရှိခဲ့တဲ့ မှတ်တမ်းတခုမှာ စစ်ရေးချုပ်နဲ့ နောင်တချိန်မှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာသူ ဦးသိန်းစိန်က မြန်မာစစ်တပ်မှာ အင်အား ၂၀၀ အောက် တပ်ရင်း ၂၈၄ ခုအပြင် အင်အား ၂၀၀ နဲ့ ၃၀၀ ကြားလောက်ရှိတဲ့ တပ်ရင်း ၂၂၀ ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

စစ်တပ်ရဲ့ လူသစ်စုဆောင်းနှုန်း ကျဆင်းနေတဲ့အတွက် လူသစ်တွေ တိုးမြှင့် စုဆောင်းရေးကို အရှိန်မြှင့်ဖို့ လိုကြောင်း၊ ဒါပေမဲ့ လူသစ်တွေ စုဆောင်းဖို့က ခက်ခဲနေကြောင်း သူက ပြောခဲ့ပါတယ်။ အစည်းအဝေး မှတ်တမ်းအရ အဲဒီနှစ်မှာ စစ်တပ်ရဲ့ ပြုန်းတီးအင်အားဟာ ၈၇၆၀ (တိုက်ပွဲကျ၊ ဆေးကျ၊ နုတ်ထွက် အားလုံးပါဝင်) ရှိခဲ့ပြီး တပ်ကနေ ထွက်ပြေးသူ ၄၇၀၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ စစ်အစိုးရအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပြီး စစ်တပ် အရာရှိတွေဟာ လူမှုရေး နယ်ပယ်မှာ အဆင့်တခု မြှင့်တင် သတ်မှတ် ခံရတဲ့ အချိန်မျိုးမှာတောင် လူသစ် စုဆောင်းဖို့ ရုန်းကန်နေခဲ့ရတယ် ဆိုတာကို မြင်သာစေပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ နိုင်ငံရေး ပွင့်လင်းလာပြီး စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်ထွန်းလာတဲ့ အခါမှာ စစ်တပ်ရဲ့ တပ်သားသစ် စုဆောင်းနိုင်မှုနှုန်းဟာ ပိုပြီးတော့တောင် စိုက်ဆင်းလာပါတယ်။ ဒီအခြေအနေကြောင့် အဲဒီတုန်းက အသစ်ခန့်အပ်ခံရတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ဟာ စစ်တပ်ကို ပိုပြီး ခေတ်မီအောင် ပြင်ဆင် တည်ဆောက်မယ့် စီမံကိန်းမျိုးကို ဖော်ဆောင်လာရပါတော့တယ်။ တရိပ်ရိပ် ကျဆင်းလာတဲ့ စစ်အင်အားကို ကာမိစေဖို့အတွက် လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်ယန္တရား စွမ်းရည်တွေကို အစားထိုး မြှင့်တင်တဲ့ အဓိပ္ပါယ်ပါပဲ။ ၂၀၁၀ ကနေ ၂၀၂၀ ပြည့်နှစ်ထိ အတောအတွင်း မြန်မာ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ စစ်မြေပြင် တချို့မှာ ပြန်လည် စတင်လာခဲ့တယ်။ မြေပြင်မှာ တိုက်ပွဲဝင် စစ်သည် အင်အား ယုတ်လျော့လာခြင်းဟာ မြန်မာ စစ်တပ် အတွက်တော့ အင်မတန် ခါးသီး စိမ်းကားတဲ့ ပြဿနာကြီး ဖြစ်လာပါတော့တယ်။ ဥပမာ အနေနဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာမသိမ်းခင်က စစ်တပ်ဟာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်မက် ဖြစ်ပွားခဲ့ရာမှာ အင်အား မလောက်ငှတာကြောင့် ကျန်းမာရေးအရ ရှေ့တန်းထွက်ဖို့ မသင့်တော်တဲ့၊ ဆေးမအောင်တဲ့ စစ်သားတွေကိုပါ စစ်မြေပြင်ကို ပို့ဆောင်ခဲ့ရပြီး အကျိုးဆက်ကတော့ AAရဲ့ ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာပဲ ဖြစ်ပါတယ်။

အခုတော့ အာဏာသိမ်းမိလို့ နောက်ဆက်တွဲ ရင်ဆိုင်ရတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် စစ်တပ်ရဲ့ အင်အား ကြဲပါးမှု ပြဿနာဟာ ပိုပြီး ကြီးထွား ဖောင်းပွလာနေပါပြီ။ စာရေးသူ ရရှိထားတဲ့ စစ်တပ် အတွင်းရေး မှတ်တမ်းတွေအရ ကြည်းတပ် တပ်ရင်း ၅၂၂ ခု (ခြေလျင်တပ်ရင်း ၂၁၇ ခုနဲ့ ခြေမြန်တပ်ရင်း ၃၀၅ ခု) ဖွဲ့စည်းထားရာမှာ အားလုံးနီးပါးက အင်အား ၂၀၀ တောင် မပြည့်ဘဲ အဲဒီထဲကမှ အများအပြားဟာ လူအင်အား ၁၅၀ ထက်တောင် နည်းနေတယ်လို့ သိရပါတယ်။

အတွင်းရေး လျှို့ဝှက် မှတ်တမ်း တခုအရဆိုရင် ခြေမြန်တပ်မကြီး ၁၀ ခုဟာ ဖွဲ့စည်းပုံအရ အင်အား ၂၀၀၀၀ ကျော် ရှိသင့်ပေမယ့် ၁၆၆၈၇ ဦးသာ ရှိတယ်လို့ တွေ့ရှိခဲ့ဖူးပါတယ်။ ခြေမြန် တပ်ရင်းတွေထဲက ၁၀၀ လောက်ကို ကောက်နုတ်ကြည့်တဲ့အခါ ၅၂ ခုဟာ အင်အား ၁၀၀ နဲ့ ၁၅၀ ကြားရှိပြီး ၄၈ ခုက ၁၅၀ နဲ့ ၂၀၀ ကြား ရှိပါတယ်။ မြန်မာစစ်တပ်မှာ အားအကောင်းဆုံး တိုက်ခိုက်ရေး တပ်တွေလို့ သတ်မှတ်ရတဲ့ ခြေမြန် တပ်မတွေတောင်မှ ဖွဲ့စည်းပုံ မပြည့်မီတဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရကြောင်း ဒီအချက်အလက်တွေက မြင်သာစေပါတယ်။ အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်တွေ၊ တိုက်ပွဲ အစီရင်ခံစာတွေကလည်း ဒီတွေ့ရှိချက်ကို ထောက်ခံ အတည်ပြုပေးနေပြန်ပါတယ်။ တပ်ရင်းမှူးတွေဆီ လိပ်မူတဲ့ ညွှန်ကြားချက်တစောင် ပေါက်ကြားလာချိန်တုန်းကဆိုရင် ရှေ့တန်း လွှတ်တဲ့အခါ တိုက်ခိုက်ရေး တပ်သား အနည်းဆုံး ၈၅ ဦးထိ စေလွှတ်ဖို့ရယ်၊ သတ်မှတ်နှုန်း ပြည့်မီအောင် မစုဆောင်းနိုင်တဲ့ တပ်ရင်းမှူးတွေ အရေးယူ ခံရမယ်လို့ ခြိမ်းခြောက်ထားတာရယ်ကို တွေ့ရပါတယ်။ တပ်ထဲကနေ ထွက်ပြေးလာသူ တယောက်ကလည်း အဲဒီသတင်း အချက်အလက် မှန်ကန်တယ်လို့ စာရေးသူကို အတည်ပြုပေးထားပါတယ်။

၂၀၀၁ ခုနှစ်မှာတော့ တပ်ရင်းအလိုက် ဖွဲ့စည်းပုံကို ၈၅၇ ဦးအထိ သတ်မှတ် မြှင့်တင်စေခဲ့ပါတယ်။ အဲဒီထဲမှာ အရာရှိ ၃၁ ဦးနဲ့ အကြပ်စစ်သည် ၈၂၆ ဦး ထားရှိရမယ်လို့ သတ်မှတ်ပေးထားကြောင်း သူက ပြောပြပါတယ်။ ဒါပေမဲ့ စစ်သားသစ် စုဆောင်းဖို့ ရှားပါး ခက်ခဲတာကြောင့် တပ်ရင်း တခုရဲ့ ဖြစ်သင့်တဲ့ အင်အားကို ၂၀၀ ထိ လျှော့ချပေးခဲ့ရပါတယ်။ အဲဒီ အဆင့်ကျတော့ တပ်ရင်း တခုမှာ ရှေ့တန်း ထွက်နိုင်တဲ့ စစ်သည်အင်အား အနည်းဆုံး ၁၂၀၊ စခန်းမှာ ကျန်နေမယ့်သူ ၆၀ အပြင် ခွင့်တိုင်ထားတာ၊ တပ်စခန်းမှာ မရှိတာအတွက် အင်အား ၂၀ စာ ချန်လှပ်ပြီး တွက်ချက်ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီ အင်အား ၂၀၀ သတ်မှတ်ချက်ကိုတောင် ပြည့်မီအောင် ဖွဲ့စည်းနိုင်တဲ့ တပ်ရင်းက အင်မတန် နည်းတယ်လို့ အဲဒီ တပ်ပြေးပုဂ္ဂိုလ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ စစ်တပ်ကို သူစွန့်ခွာလာတဲ့ အချိန်မတိုင်ခင်အထိ တိုက်ပွဲတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတဲ့ အဆင့်ထိ မရောက်သေးကြောင်း၊ အဲဒါတောင်မှ သူ့ရဲ့ တပ်ရင်းဟာ အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင် ၇၀ ပြည့်အောင် ဖြန့်ကျက်နိုင်စွမ်း မရှိခဲ့ကြောင်း အဲဒီပုဂ္ဂိုလ်က စာရေးသူကို ပြောပြပါတယ်။

နောက်ထပ် မှတ်တမ်းမှတ်ရာ တခုကို ကြည့်ပြန်တော့ ရှေ့တန်းထွက်တဲ့ တပ်ရင်း ၂၁ ခုကို ကရင်ပြည်နယ်မှာ ဖြန့်ကျက်ထားပြီး အဲဒီထဲက တပ်ရင်း ၁၄ ခုဟာ အရာရှိတွေပါ ထည့်တွက်မှာ အင်အား ၈၅ ယောက်တောင် မပြည့်တဲ့ထိ အခြေအနေ ဆိုးနေပါတယ်။ တပ်ရင်း ၇ ခုကသာ အင်အား ၈၅ ဦးထက် ပိုနေတာ တွေ့ရပါတယ်။ ကရင်ပြည်နယ်ထဲက တခြား တပ်ပြေး တယောက်ကတော့ သူ့တပ်ရင်းမှာဆိုရင် စခန်းစောင့် စစ်သည်အင်အားက ၄၀ တောင် မပြည့်ကြောင်း၊ အများစုက ဘဏ်တွေ၊ အစိုးရ ရုံးတွေနဲ့ တပ်ရင်း ဖြန့်ကျက်ထားရာ မြို့တွေရဲ့ လုံခြုံရေးအတွက် ကင်းစောင့်ဖို့ စေလွှတ် ခံထားရတတ်ကြောင်း ပြောပါတယ်။ အကျိုးဆက် အနေနဲ့ စခန်းမကျအောင် ကာကွယ်ဖို့အတွက် စစ်တပ်ဟာ သူတို့ စစ်သားတွေရဲ့ ဇနီးမယားတွေနဲ့ မိသားစုဝင်တွေ၊ နောက်ပြီး အလယ်အလတ်အဆင့် အရာရှိတွေကိုပါ လေ့ကျင့်ပေးရတဲ့ထိ ကြုံလာရပါတော့တယ်။

လူသစ်စုဆောင်းရေး ကဏ္ဍမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေရတဲ့ကြားထဲ တပ်ပြေးနဲ့ ဘက်ပြောင်းခိုလှုံမှုတွေကလည်း စစ်တပ်ရဲ့ အင်အားကို ပိုပိုပြီး ချိနဲ့လာစေပြန်တယ်။ ရင်းမြစ် အတော်များများရဲ့ ခန့်မှန်းချက်အရ စစ်သား ၃၀၀၀ လောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၇၀၀၀ လောက်ဟာ တော်လှန်ရေး အင်အားစုတွေဖက်ကို ကူးပြောင်းသွားခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကလည်း ဖေဖော်ဝါရီလထိ အခြေအနေအရ စစ်သား ၃၂၃၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၉၀၉၁ ဦးထိ လာရောက် ပူးပေါင်း ခိုလှုံခဲ့ကြပြီးပြီလို့ ပြောပါတယ်။ တကယ်တော့ အာဏာမသိမ်းခင် ကတည်းက စစ်တပ်မှာ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးနှုန်းက အတော်ကို မြင့်မားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တပ်ပြေး ၄၇၀၁ ဦး ရှိခဲ့တာက မြင်သာတဲ့ ဥပမာ တခုပါ။ လက်ရှိ အချက်အလက်တွေက အရမ်း ယုံကြည် စိတ်ချရတဲ့ အနေအထား မရှိဘူး ဆိုရင်တောင်မှ အာဏာသိမ်းမှုအပြီး စစ်သား ၈၀၀၀ လောက်က ထွက်ပြေးတာ၊ ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတွေဆီ အလင်းဝင်တာမျိုး ရှိခဲ့ပြီးပြီလို့ ယူဆရပါတယ်။

ဒါ့အပြင် ထိခိုက်သေပျောက်မှု နှုန်းကလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ အာဏာသိမ်းမှု နောက်ပိုင်းမှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး အင်အား ၂၀၀၀၀ လောက် သေကြေခဲ့ပြီးပြီလို့ NUGက ခန့်မှန်းထားပါတယ်။ တချို့ လေ့လာသူတွေကလည်း စစ်မြေပြင်မှာ သေဆုံးတာ၊ စစ်မှုမထမ်းနိုင်လောက်တဲ့ထိ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတာတွေက ၂ နှစ်အတွင်း အရေအတွက် ၁ သောင်းနဲ့ ၁ သောင်းခွဲကြား ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ Nikkei Aisa သတင်းဌာနရဲ့ ဒေါမနစ် ဖော်လ်ဒါက မကြာသေးခင်က အစီရင်ခံစာ တစောင်မှာ မြန်မာစစ်တပ်ဟာ ပျမ်းမျှ တနေ့ကို စစ်သည်အင်အား ၁၅ ဦး ပြုန်းတီးနေတယ်လို့ ထည့်သွင်း ရေးသားထားပါတယ်။ တနည်းအားဖြင့် တနှစ်မှာ ၅၅၀၀၊ အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ၁၁၀၀၀ ပြုတ်ပြုတ်ပြုန်းခဲ့ပြီးပြီဆိုတဲ့ သဘောပါပဲ။

စာရေးသူက စစ်တပ်ရဲ့ သေပျောက်နှုန်းတွေကို နေ့စဉ် ခြေရာခံ ခန့်မှန်း တွက်ချက်ရာမှာ စစ်မြေပြင် အစီရင်ခံစာတွေ၊ စစ်တပ်ရဲ့ အတွင်းရေး စာရွက်စာတမ်းတွေ၊ စစ်ဆေးရုံ အစီရင်ခံစာတွေ၊ အလင်းဝင်သူတွေနဲ့ တပ်ပြေးတွေရဲ့ ထွက်ဆိုချက်တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ဒေသခံတွေရဲ့ အဆိုတွေ အားလုံးကို ခြုံငုံထားပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်မြေပြင်မှာ စစ်သားတွေ သေကြေမှုဟာ ၁၃၀၀၀ လောက် ရှိပြီလို့ ယူဆရပါတယ်။

အာဏာ မသိမ်းခင်တုန်းကတော့ နှစ်စဉ် စစ်တပ်ရဲ့ လူသစ် စုဆောင်းနိုင်စွမ်းဟာ တပ်ပြေး ဦးရေနဲ့ မနီးယိုးစွဲလောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ လူသစ် စုဆောင်းနိုင်စွမ်းက အတော်ကြီး နှေးကွေး ဆုတ်ယုတ်သွားပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေအပြင် လူများစု ဗမာ တိုင်းရင်းသားတွေ နေထိုင်ရာ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေဟာ အရင်ကတော့ စစ်တပ်ရဲ့ လူသစ်စုဆောင်းရေးအတွက် ပင်မ ရင်းမြစ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ အခုကျတော့ အဲဒီနေရာတွေဟာ တော်လှန်ရေးရဲ့ ဗဟိုချက်တွေ ဖြစ်လာပါတယ်။ အဲဒီနေရာတွေမှာ စစ်အာဏာရှင်က ကြမ်းတမ်းရက်စက်မှုတွေ ကျူးလွန်ပြနေတာကလည်း စစ်တပ်အတွက် လူသစ်စုဆောင်းရေး အကျပ်အတည်းကို ဆိုးသထက် ဆိုးရွားသွားစေပါတယ်။ အထူးသဖြင့် အရင်က စစ်တပ်နဲ့ အတော်လေး လိုက်လျောညီထွေ ရှိခဲ့တဲ့ လူများစု ဗမာတိုင်းရင်းသားတွေက စစ်တပ်အပေါ် လုံးဝဥဿုံ သံယောဇဉ် ပြတ်တောက်တဲ့အထိ ဖြစ်သွားပါတယ်။

လူအင်အား တစထက်တစ လျော့ပါးလာတာကို တန်ပြန်ဖို့အတွက် အာဏာသိမ်းမှု နောက်ပိုင်းတလျှောက် စစ်တပ်ဟာ လူသစ်စုဆောင်းရေးနဲ့ ပတ်သက်လို့ မက်လုံးတွေ မစားရ ​ဝခမန်း ကမ်းလှမ်းခဲ့ပါတယ်။ တပ်ပြေး တဦးရဲ့ အဆိုအရ လူသစ်တယောက် စုပေးနိုင်ရင် ပျမ်းမျှ ၅ သိန်းကျပ်လောက် ဆုကြေးပေးရာကနေ ၂၅ သိန်းလောက်ထိ တိုးမြှင့်ပေးဖို့ စစ်တပ်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ စစ်တပ်ဟာ ရာဇဝတ်သားတွေ၊ အကြွေးနွံနစ်နေသူတွေ၊ မူးယစ်ဆေးစွဲနေသူတွေ အကုန်လုံးကို သိမ်းကြုံး လက်ခံနေပါတယ်။ စစ်တပ်အတွက် အနာဂတ် အရာရှိတွေ မွေးထုတ်ပေးရာ ပင်မ ရင်းမြစ်ဖြစ်တဲ့ ကာကွယ်ရေး တက္ကသိုလ် (DSA)မှာတောင် အာဏာသိမ်းပြီးနောက်ပိုင်း သင်တန်းသား လျှောက်ထားမှုက သိသိသာသာ လျော့ကျသွားတာ အထင်အရှား တွေ့ခဲ့ရပါတယ်။ ဒါတွေ အကုန်လုံးက စစ်တပ်ဟာ ပြူးတူးပြဲတဲ အဖြစ်မျိုး ကြုံနေရပြီး အင်အားကလည်း တတိတိ ယုတ်လျော့နေတယ် ဆိုတာကို မြင်သာစေပါတယ်။

စစ်တပ်ရဲ့ အင်အားနဲ့ ပတ်သက်လို့ ခန့်မှန်းကြတဲ့အခါ တိကျပြီး ယုံကြည်စိတ်ချရလောက်တဲ့ သတင်း အချက်အလက်မျိုး ခေါင်းပါးနေတာက အချက်အလက် ပြုစုမှုရဲ့ အဆင့်တိုင်းကို ပိတ်ဆို့ ဟန့်တားသလို ဖြစ်နေစေပါတယ်။ သူကိုယ်တိုင် ထွက်ပြေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ မပူးပေါင်းခင် အချိန်တွေတုန်းက သူဟာ တပ်ရင်းမှာ ရှိနေတဲ့ တပ်ပြေး အင်အားကို လိမ်လည် အစီရင်ခံတာတွေ ရှိခဲ့ဖူးတယ်လို့ တပ်ရေးဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး အခုအခါ စစ်တပ်ကို ကျောခိုင်းလာသူ တဦးက ဆိုပါတယ်။ တပ်ပြေး အရေအတွက်က များလွန်းတဲ့အတွက် တပ်ရင်းမှူးက အပြည့်အစုံ စာရင်းမတင်ဖို့ သူတို့ကို တောင်းပန်ခဲ့တယ်လို့ သူက ပြောပြပါတယ်။ အမှန်အတိုင်း စာရင်းတင်လိုက်ရင် တပ်ရင်းမှူးအတွက် ငယ်ထိပ် ဆင်နင်းတဲ့ အဖြစ်မျိုး ရောက်သွားနိုင်ပြီး ပြဿနာတက်တာ၊ ဒါမှမဟုတ် ရာထူးတက်လမ်း ပိတ်သွားတာတွေ ကြုံနိုင်တာကြောင့်ပါ။ ဒီလိုမျိုး ခဏခဏ စာရင်းလိမ်ရတာတွေ များလာတော့ သူကိုယ်တိုင်ပါ တပ်ရင်းရဲ့ အင်အား အမှန်က ဘယ်လောက်ရှိသလဲ ဆိုတာကို သေချာ မသိတော့ဘဲ ဝိုးတဝါးတား ဖြစ်သွားတယ်လို့လည်း အဲဒီ တပ်ရေးဗိုလ်ကြီးဟောင်းက ပြောပါတယ်။

နောက်ပြီး တပ်ရင်းမှူးက တပ်ပြေးတွေကို အမြဲတမ်း တပ်ဖွဲ့ဝင် စာရင်းထဲမှာ ဆက်လက် ထည့်သွင်းထားပြီး လစာတွေ လိမ်လည် ထုတ်ယူပါတယ်။ အဲဒီ ငွေကြေးတွေကို နောက်ထပ် တပ်သားသစ်တွေ စုဆောင်းဖို့အတွက် မက်လုံးအနေနဲ့ အသုံးပြုတယ်လို့ အဲဒီ အရာရှိဟောင်းကပဲ ဆက်လက် ရှင်းပြခဲ့ပါတယ်။ တပ်ရင်းရဲ့ တခြား အဆင့်မြင့် အရာရှိတွေကလည်း ဒီအကွက်တွေကို သိသိကြီးနဲ့ အလိုတူ အလိုပါ ပူးပေါင်း ကြံစည်ကြကြောင်း သူက ဆက်ပြောပါသေးတယ်။

ဒီလိုမျိုး အဆင့်ဆင့် လိမ်လည်ပြီး အစီရင်ခံတာတွေ များလွန်းတော့ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့လက်ထောက် စိုးဝင်းတို့ကိုယ်တိုင် စစ်တပ်မှာ အင်အား ဘယ်လောက်ရှိသလဲဆိုတာ မှန်မှန်ကန်ကန် သိကြမှာ မဟုတ်ဘူးလို့ အဲဒီ အရာရှိက မှတ်ချက် ပေးပါတယ်။ မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ အထူးပြု ကျွမ်းကျင်သူ တဦးအဖြစ် သတ်မှတ် ခံရတဲ့ အန်ဒရူး ဆဲလ်သ်က စစ်တပ်ရဲ့ ပကတိ အင်အားဟာ သူမသိဘူးဆိုတာ လူတိုင်းသိတဲ့ အထင်ရှားဆုံး ကိစ္စတခုလို့ ရေးသားထားဖူးပါတယ်။

တိတိကျကျ တွက်ချက်ဖို့ မလွယ်ဘူး ဆိုရင်တောင်မှ အရင်က ယူဆထားတဲ့ ကိန်းဂဏန်းတွေနဲ့ ယှဉ်ရင် အချက်အလက်ပိုင်း ကွာဟမှုတွေ အများကြီး ရှိနေကြောင်း ညွှန်ပြနေပါလိမ့်မယ်။ ရေတပ်နဲ့ လေတပ်သားတွေကို တိုက်ခိုက်ရေး ကြည်းတပ် စစ်သည် ၇ သောင်းဝန်းကျင်နဲ့ ပေါင်းပြီး အရန်တပ်တွေ၊ လက်ရုံးတပ်တွေပါ ပေါင်းစပ်လိုက်ရင်တောင်မှ မြန်မာ စစ်တပ် တခုလုံးရဲ့ အင်အားဟာ ၁ သိန်းခွဲလောက်သာ ရှိပါလိမ့်မယ်။ အာဏာ မသိမ်းခင်က သဘာဝ အကျဆုံး ဖြစ်နိုင်ခြေလို့ ယူဆထားခဲ့တဲ့ အင်အား ၂ သိန်း ဆိုတာထက်တောင် အဲဒီ အရေအတွက်က ပိုနည်းနေပါသေးတယ်။

စစ်တပ်က အင်အား ၇ သောင်းလောက်ရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေကို အရန်အင်အားစုလို့ သတ်မှတ်ထားပြီး အဲဒီထဲက အင်အား ၁ သောင်း ၂ ထောင်လောက်ကို စစ်ရေးအတွက် ထုတ်နုတ် အသုံးပြုထားပါတယ်။ နယ်ခြားစောင့် တပ်တွေနဲ့ ပြည်သူ့စစ်တွေ အင်အား စုစုပေါင်း ၁ သောင်းခွဲလောက်ကိုလည်း စစ်တပ်က အရန်အင်အားစု အနေနဲ့ ခန့်အပ်ထားပြန်ပါတယ်။

ထောက်ပံ့ရေးတပ်၊ လက်ရုံးတပ်တွေကို စစ်မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက် အသုံးပြုနေရတာကိုက စစ်တပ်ရဲ့ အင်အား လျော့ပါးမှုအတွက် နောက်ထပ် အထောက်အထားတခု ဖြစ်နေစေပြန်ပါတယ်။ လေတပ်၊ ရေတပ်တွေအပြင် အငြိမ်းစား စစ်မှုထမ်းဟောင်းတွေနဲ့ အရန်တပ်တွေထဲကပါ စစ်သားတွေကို တိုက်ခိုက်ရေး ကဏ္ဍအတွက် စစ်တပ်က ဆွဲထုတ်နေရပါတယ်။ စစ်လက်နက် ပစ္စည်း စက်ရုံတွေမှာပဲ တသက်လုံး အလုပ်လုပ်လာပြီး တိုက်ခိုက်ရေး အတွေ့အကြုံ ဘာဆိုဘာမှ မရှိတဲ့ စစ်သားတွေတောင်မှ တိုက်ပွဲဝင် တပ်ရင်းတွေထဲ ဆွဲသွင်း ခံနေကြရပါတယ်။

ပြီးတော့ စစ်တပ်ဟာ လျှပ်စစ်နဲ့ အင်ဂျင်နီယာတပ်တွေ၊ ဆက်သွယ်ရေး တပ်တွေ၊ ထောက်ပံ့ပို့ဆောင်ရေး တပ်တွေ၊ လေ့ကျင့်ရေး တပ်တွေက စစ်သည်အင်အားကိုပါ လွှဲပြောင်းယူနေရပါတယ်။ မကြာသေးခင်က လူပြောများတဲ့ ကိစ္စတခုကတော့ ရှေ့တန်းမှာ သွားရောက် တိုက်ပွဲဝင်မယ်ဆိုရင် ရာထူးတိုးပေး ခံရမယ်ဆိုတဲ့ လေတပ် အရာရှိ တယောက်အကြောင်းပါ။ သူက ရှေ့တန်းက တိုက်ပွဲတခုမှာပဲ သေဆုံးသွားပါတယ်။

ခြေလျင်တပ် အင်အားက အင်မတန် အကန့်အသတ် ကြီးမားလာတဲ့အခါ စစ်တပ်ဟာ နယ်မြေ ချုပ်ကိုင်ရေး ရည်မှန်းချက် အတွက်ဆိုရင် ဘာမှ အကျိုးမရှိနိုင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို မြှင့်တင်လာရပါတော့တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ အတောအတွင်း လေတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ ထက်မနည်း လုပ်ဆောင်ခဲ့တယ်။ အဲဒီ တိုက်ခိုက်မှု အများစုဟာ အရပ်သား ဧရိယာတွေကိုပဲ ထိခိုက်ပျက်စီးစေခဲ့ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အားနည်းချက်တွေကို မဖုံးနိုင် မဖိနိုင် ထုတ်ပြနေရပြီး AAလို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲဖို့ ညှိရတာမျိုးထိ ဖြစ်လာတယ်။ ရည်ရွယ်ချက်ကတော့ AA ဩဇာ လွှမ်းမိုးရာ ရခိုင်ပြည်နယ်လို နေရာက တပ်တွေကို တခြား တိုက်ပွဲ ပြင်းထန်ရာ ဒေသတွေဆီ ရွှေ့ပြောင်းစေဖို့ ဖြစ်ပါတယ်။ တရုတ်ရဲ့ အထူး ကိုယ်စားလှယ်က ညှိနှိုင်းပေးမှုကြောင့်လို့ ယူဆရတဲ့ အခြေအနေနဲ့အတူ တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ အတော်လေး ငြိမ်သက်နေခြင်းက စစ်ကောင်စီအတွက် အတော်လေး အသက်ရှူ ချောင်စေခဲ့ပြီး တပ်အင်အား ၃၀၀၀ လောက်ကို တခြား တိုက်ပွဲ ပြင်းထန်ရာ နယ်မြေတွေဆီ ဖြန့်ကျက်ခွင့် ရထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကန့်အသတ်နဲ့သာရှိတဲ့ ရင်းမြစ်တွေကို ဆယ်စုနှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ပြီး စစ်တပ်အတွက် အသုံးပြုရင်း သူတို့ရဲ့ အာဏာ ဆုပ်ကိုင်မှု ခိုင်မြဲဖို့ တစိုက်မတ်မတ် ကြိုးစားခဲ့ပေမယ့် အခုအခါမှာတော့ မြန်မာစစ်တပ်ဟာ ကြုံဖူးသမျှ အားအနည်းဆုံး၊ အကာအကွယ် အမဲ့ဆုံး အနေအထားကို ရောက်နေပါပြီ။ စစ်ဗိုလ်ချုပ်တွေက ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ထုတ်ပြပြီး သူတို့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တဲ့ အကျင့်ပျက် အရာရှိတွေ၊ စိတ်ဓာတ်ကျနေတဲ့ စစ်သားတွေ၊ ဟန်ပဲရှိပြီး အဆံမရှိတဲ့ ဖွဲ့စည်းပုံတွေ၊ လူထုထောက်ခံမှု ဆိုးဆိုးရွားရွား ကျဆင်းတာတွေက အခုအချိန်မှာ စစ်တပ်ကို ဘက်ပေါင်းစုံကနေ ထိခိုက်လာစေပါတယ်။ 

ဒီနေ့ အချိန်မှာတော့ စစ်တပ်ရဲ့ အင်အားအပေါ် ချဲ့ထွင် တွက်ဆထားတဲ့ ပုံရိပ်ဟာ နေရာပေါင်းစုံက စစ်မြေပြင်တွေမှာ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ရာမှာ အတော်လေး ယိုယွင်း ကျဆင်းလာသလို ပြည်သူတရပ်လုံးရဲ့ ခြွင်းချက်မရှိ မုန်းတီး စက်ဆုပ်မှုကိုပါ ခံနေရပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့၊ အထူးသဖြင့် မြန်မာနိုင်ငံ ဖွဲ့စည်းပါဝင်ရာ ဒေသတွင်းက ပုဂ္ဂိုလ်တွေ အနေနဲ့ စစ်တပ်ရဲ့ အင်အားကို အလွန်အကျွံ ထည့်သွင်းတွက်ချက်တာမျိုး မလုပ်သင့်တော့ဖို့ အဖြစ်သင့်ဆုံး အချိန်မျိုးကို ရောက်လာပါပြီ။ ပုံပြင်ထဲကလိုပဲ ဧကရာဇ် ဘုရင်ကြီး ဖြစ်လျက်နဲ့ ဝတ်စရာ အဝတ်တောင် မရှိတဲ့ ဘဝမျိုး မြန်မာစစ်တပ်က ရောက်နေတာကို လက်ခံပြီး စစ်တပ်နဲ့ ပတ်သက်လို့ ချဉ်းကပ် ဆက်ဆံမှုတွေကို ပြန်လည် ဆန်းစစ်သင့်နေပြီ ဖြစ်ပါတယ်။

 

(U.S. Institute of Peaceမှ Visiting Scholar ဦးရဲမျိုးဟိန်း ရေးသားသည့် Myanmar’s Military Is Smaller Than Commonly Thought — and Shrinking Fast ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)