မန္တလေးမှာ NLD ရပ်ကျေးဥက္ကဌနဲ့ မိသားစုကို ဖမ်းဆီးပြီး အလောင်းစွန့်ပစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဌတစ်ဦးဖြစ်သူ ဦးခင်အောင်သိန်းနဲ့ ဇနီးဖြစ်သူကို စစ်အုပ်စုက မတရားဖမ်းဆီးသွားပြီး ဦးခင်အောင်သိန်းရဲ့ အလောင်းကို ချမ်းအေးသာစံမြို့နယ် NLD ရုံးအနီးမှာ ပြန်လည်စွန့်ပစ်ခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
မနေ့က ဧပြီလ ၂၄ ရက်နေ့ ညပိုင်းမှာ မန္တလေးမြို့မှာ စိန်ဝင်းဝင်းအမည်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဦးခင်မောင်သိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခခကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ မနက် ၆ နာရီခန့်မှာ နှိပ်စက်ခံရမှုကြောင့် သေဆုံးနေတဲ့ ဦးခင်မောင်သိန်းရဲ့ အလောင်းကို အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ ချမ်းအေးသာစံမြို့နယ် NLDရုံးအနီးမှာ လာရောက်ပစ်ထားခဲ့တာပါ။
ဦးခင်အောင်သိန်းရဲ့ အလောင်းနဲ့အတူ ထုထောင်းရိုက်နှက်ခံထားရတဲ့ ဇနီးဖြစ်သူ ဒေါ်ခခကိုပါ လက်ကိုကြိုးတုတ်ထားပြီး လမ်းပေါ်စွန့်ပစ်ထားတာ ဖြစ်ပါတယ်။
ဒေါ်ခခကို ဆေးရုံပို့ဆောင်ခဲ့ရာမှာ အသက်ဆုံးပါးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုချက်တော့ မရရှိသေးပါဘူး။
” ဦးခင်မောင်သိန်းရဲ့ အလောင်းမှာ သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲချိတ်သွားတယ်၊ ဒါက စစ်ကောင်စီဘက်က အဖွဲ့ပါ၊ ဒေါ်ခကလည်း ဒဏ်ရာတွေ အများကြီး ရထားပါတယ်။ အခု ဆေးရုံခေါ်သွားပြီးနောက် ဆုံးသွားပြီလို့ ကြားရပေမယ့် အတည်မပြုနိုင်သေးပါဘူး ” လို့ ဒေသခံတစ်ဦးက MFPမှာ ဖြေကြားထားပါတယ်။
ဦးခင်မောင်သိန်းတို့နဲ့အတူတူ ဖမ်းဆီးခံရသူ အခြားအမျိုးသားတစ်ဦးလည်းရှိနေပြီး သူ့ရဲ့သတင်းတွေကိုတော့ အခုထိ မရရှိသေးဘူးလို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
Source- MFP