အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီမှာ စတင်ရောင်းချခဲ့တဲ့ အောင်လံလွှင်ချီနွေဦးထီဟာ ရောင်းချပြီး တစ်နာရီကျော်ကြာမှာပဲ ရောင်းချဖို့သတ်မှတ်ထားတဲ့ ပမာဏပြည့်သွားခဲ့တယ်လို့ ထီရောင်းချတဲ့ websiteမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ရောင်းချဖို့ သတ်မှတ်ထားတဲ့ အစောင်ရေဟာ ငါးသောင်းဖြစ်ပြီးတော့ နာရီပိုင်းအတွင်းမှာပဲ အကုန်ရောင်းချနိုင်ခဲ့တာပါ။
ထီတစ်စောင်ကို ၂၀၀၀ ကျပ်နှုန်းသတ်မှတ်ပြီး လူတစ်ဦးကို အနည်းဆုံး ၅စောင်မှ အစောင်၅၀ထိကိုသာ ထီထိုးကံစမ်းခွင့်ပေးထားတဲ့ နွေဦးထီဟာ ရောင်းချရရှိငွေအားလုံးရဲ့ ၇၀ရာခိုင်နှုန်းဟာ CDMပြုလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို
ထောက်ပံ့ကူညီသွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားပါတယ်။
ထီဆုကြေးငွေကိုတော့ တစ်ဆုကို ၁၅သိန်းကျပ် သတ်မှတ်ထားပြီး တပြေးညီ အညီအမျှ ခွဲဝေပေးသွားမယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အောင်ဘာလေထီဟာ ထီထိုးကံစမ်းလိုသူတွေမရှိတာကြောင့် ထီဆုကြေးငွေတွေကိုပါ လျှော့ချခဲ့ရပြီး ၊ သတ်မှတ်ထီဖွင့်ရက်တွေအတိုင်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ဝန်ထမ်းတွေကိုပါ မထိုးမနေရပုံစံနဲ့ ရောင်းချနေရပါတယ်။