သာပေါင်းမြို့နယ်စစ်ရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ဇန်နဝါရီ ၊ ၃၁

ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ် ၊ ကျွန်းလျှားကြီးကျေးရွာအုပ်စု ၊ ကန်ချောင်းဒေသကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တချို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ ရခိုင်ရိုးမအနောက်ဘက်ခြမ်းကနေ သာပေါင်းမြို့နယ်ထဲကို လာရောက်စစ်ရှောင်နေသူတဦးက ပြောပါတယ်။

ကန်ချောင်းဒေသကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ရွှေသောင်ယံမြို့နယ်ခွဲ မကျီးဇင်ကျေးရွာက ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ကန်ချောင်းဒေသမှာရှိတဲ့ စစ်ရှောင်အရေအတွက်နဲ့ ဝမ်းရောဂါ ဖြစ်ပွားနေတဲ့အရေအတွက်ကိုတော့ ဆက်သွယ်ရေးပျက်တောက်နေတာကြောင့် အတည်မပြုနိုင်သေးဘဲ DNAက စုံစမ်းနေဆဲဖြစ်ပါတယ်။

ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်တွေမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အပြင် ကုသပေးမယ့်တက်ကျွမ်း နားလည်သူလည်းမရှိဘူးလို့ လည်းမကျီးဇင်ရွာကနေ ပုသိမ်မြို့မှာလာရောက်စစ်ရှောင်နေသူတဦးကပြောပါ တယ်။

မကျီးစင်ကျေးရွာကနေ ပြာတိုက်ကျေးရွာကို ရွှေ့ပြောင်းစစ်ရှောင်သူ အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးက ဇန်နဝါရီလ ဒုတိယအပတ်က ကွယ်လွန်ခဲ့ပါတယ်။ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့အဲ ဒီစစ်ရှောင်အမျိုးသားဟာ ဆေးဝါးကုသမှုကို လုံလောက်စွာမရခဲ့ဘူးလို့လည်း မကျီးဇင်ဒေသခံက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မကျီးဇင်ကျေးရွာနဲ့ ဘောမိကျေးရွာအပါအဝင် မကျီးဇင် – သာပေါင်းလမ်းပိုင်းမှာ ရှိတဲ့ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေရတာပါ။ မကျီးဇင် – သာပေါင်းလမ်းပိုင်းမှာဆိုရင် မကျီးဇင်ဖျား ၊ လှော်တော် ၊ သစ်ဖြူ ၊ ကျားခေါင်း ၊ သစ်ဝမ်းပူ ၊ သစ်ဆင် ၊ သာပေါင်းလေး ၊ သဲဖြူ ၊ ဖိုချောင်း ၊ တောင်ထန်း ၊ ဝါးယား ၊ ကြက်သွန်းကွင်း ၊ လှေကြီးတက်ဆိုတဲ့ ရွာတွေရှိပါတယ်။

“ရွာမဟုတ်ဘဲ လူနေတဲ့အစုလေးတွေ ကျန်သေးတယ်။ ရေလိမ်လိုနေရာမျိုးဆိုရင် စိုက်ခင်း တွေချပြီးနေကြတာ။ ရွာအမည်မပေါက်သေးဘူး” လို့ မကျီးဇင် – သာပေါင်းလမ်းပိုင်းက စစ်ဘေးရှောင် ကျေးရွာတွေနဲ့ ပတ်သက်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဟာ ရိုးမပေါ်မှာ ဝါးလုပ်ငန်း ၊ မီးသွေးလုပ်ငန်းနဲ့ ဥယျဉ်ခြံလုပ်ငန်းတွေ လုပ်ကိုင်သူတွေဖြစ်တာကြောင့် အများစုက ရွာကိုစွန့်ခွာပြီး စစ်ဘေးရှောင်ဖို့တောင် ငွေကြေးမတက်နိုင် ကြဘူးလို့ ရခိုင်ရိုးမနောက်ဘက်ခြမ်းကနေ သာပေါင်းမြို့နယ်ထဲကို လာရောက်စစ်ရှောင်နေသူကပြောပါတယ်။

အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေဟာ လက်ရှိအချိန်မှာတော့ မကျီးဇင် – သာပေါင်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်မှာ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အထူးသဖြင့် လှေတော် ၊ သစ်ဖြူ ၊ သပြေကုန်း အစရှိတဲ့ဒေသတွေမှာ ဖြစ်ပွားနေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်က သာပေါင်းမြို့နယ်ထဲကနေ မကျီးဇင်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ် ခတ်နေတာကို ကိုယ်တိုင်ကြားနေရတယ်လို့ ကြက်သွန်ကွင်းကျေးရွာမှာရောက်ရှိနေတဲ့ စစ်ဘေးရှောင် တစ်ဦးက ဇန်နဝါရီလ ၂၅ ရက်က ပြောပါတယ်။

သာပေါင်းမြို့ဟာ စစ်ကောင်စီတပ်ရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) အခြေစိုက်ရာ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်သာဝေးပြီး မြို့ရဲ့ မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာရှိ ငါးသိုင်းချောင်းဘက်မှာလည်း AA ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ရှိလာနေလို့ စစ်ကောင်စီတပ်က စစ်ရေးကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) ကဧရာဝတီတိုင်း မြို့နယ် ခုနစ်မြို့နယ်ကို ခရီးသွားလာမှု သတိထားဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တာမှာလည်း သာပေါင်းမြို့နယ် ပါဝင်ခဲ့ပါတယ်။