(Fact Check – DNA၊ TBYT၊ TRF)
ဇန်နဝါရီ၊ ၃၁ရက်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၃ ရက်နေ့မှာ တကျော့ပြန်စတင်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ ပြင်းထန်နေပါတယ်။
ရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းမှာပါ မကျန်ဖြစ်ပျက်နေတဲ့ နေ့စဥ်ပြင်းထန်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ဒေသခံတွေဟာ သိန်းချီရှိလာပါပြီ။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အနက် အေအေဟာ မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားနိုင်ပြီးတဲ့နောက် အေအေနဲ့ပူးပေါင်းတပ်တွေဟာ ရိုးမအရှေ့ခြမ်းထိ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာနိုင်ခဲ့တာပါ။
ရခိုင်ပြည်၊ အမ်းမြို့နယ်ကို အာရက္ခတပ်တော် (အေအေ)က၂၀၂၄ ခုနှစ် နိုဝင်ဘာလပိုင်းမှ စတင်ကာသိမ်းပိုက်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။
အဲဒီနောက်တလအကြာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်တပ်ရဲ့ အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနှင့် စစ်သုံ့ပန်း အများအပြားကိုလည်း အေအေက ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလ အစောပိုင်းမှာလည်း ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ ပုသိမ်မြို့နယ်ထဲက မကျီးဇင်၊ ဘောမိဘက်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် အဲဒီတဝိုက်က ဒေသခံတွေဟာ ရွှေသောင်ယံကနေတဆင့် ပုသိမ်မြို့ပေါ်ကို လာရောက်တိမ်းရှောင်နေကြတာပါ။
ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့လောက်မှာ ဘောမိရွာကို အေအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်မှာတော့ တိုက်ပွဲတွေ ရှေ့ဆက်တိုးလာမှာ စိုးရိမ်လို့ ရွှေသောင်ယံမြို့နဲ့ အနီးတဝိုက်ရွာက ဒေသခံအ များစုနဲ့ ချောင်းသာ၊ ငွေဆောင်တို့က ဒေသခံတချို့ပါ ပုသိမ်မှာ လာရောက်တိမ်းရှောင်နေလို့ အခုရက်ပိုင်းအတွင်း စစ်ရှောင်ဦးရေ ပိုမိုများပြားလာတဲ့အခြေအနေဖြစ်ပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တခုလုံးမှာ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ နေ့စဥ်တိုးလာပြီး လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည် ၆ သိန်းထက်မနည်းရှိနေပြီလို့ စစ်ဘေးရှောင် အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
အေအေအနေနဲ့ ဆက်တိုက်အောင်ပွဲ ဆင်လာတဲ့အပေါ်အမျိုးသားရေးလှုပ်ရှားသူတွေ၊ စစ်တပ်နဲ့သူတို့ကို ထောက်ခံအားပေးသူတွေက အာရက္ခတပ်တော်(အေအေ)အပါအဝင် ရခိုင်ပြည်သူတွေနှင့်စစ်ဘေးရှောင်တွေအပေါ် ဦးတည်ကာ လူမျိုးရေးအရ နိုင့်ထက်စီးနင်းဆန်တဲ့ အမုန်းစကားတွေ၊ ခြိမ်းခြောက်မှုဆန့်တဲ့ အမုန်းစကားတွေအပြင် အကြမ်းဖက်ဖို့ အားပေးလှုံ့ဆော်တဲ့ အမုန်းစကားတွေကို ဝါဒဖြန့်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
စစ်ရေးရှုံးနှိမ့်ခဲ့တဲ့ စစ်တပ်နှင့် စစ်တပ်ထောက်ခံဝါဒဖြန့်လော်ဘီတွေဟာ သူတို့ရဲ့လုပ်နည်းအတိုင်း စစ်ရေးနိမ့်တာကို မကျေနပ်တဲ့အတွက် လူမျိုးရေးပဋိပက္ခဖန်တီးဖို့အတွက် လုပ်ကွက်ဟောင်းတွေကို ထုတ်သုံးဖို့ ကြိုးပမ်းလာကြပါတယ်။
ပြည်မတွင်ရှိတဲ့ ရက္ခိုင်လူမျိုးစုကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် လူမျိုးရေးလှုံ့ဆော်မှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာသလို ရန်ကုန်မှာရှိတဲ့ “ရခိုင် – ၇၅ ရာခိုင်နှုန်းဟာ AA ထောက်ပို့တွေ” သာဖြစ်တယ်ဟု စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
လူမျိုးရေး ပဋိပက္ခဖန်တီးဖို့ ကြိုးစားမှုအပြင် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ခဲ့ရတဲ့ ရခိုင်လူမျိုးစုတွေကိုလည်း တပ်ပျက်ပြီး ထွက်ပြေးလာရတဲ့ အေအေ တပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်းစွပ်စွဲပြီး ဧရာဝတီတိုင်းအတွင်းကနေ နှင်ထုတ်ဖို့နဲ့ နှိမ့်ချဆက်ဆံဖို့ အတွက် လှုံ့ဆော်ချက်တွေကို လည်း သူတို့ရဲ့ ချန်နယ်တွေမှာ အများအပြား ဖြန့်ဝေခဲ့ကြပါတယ်။
အဆိုပါ ဖြန့်ဝေချက်တွေဟာ တကယ့် မြေပြင်အခြေအနေတွေအထိ သက်ရောက်မှုရှိခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ရောက်ရှိလာတဲ့ ရခိုင်လူမျိုးစု စစ်ဘေးရှောင်တွေကို ဖမ်းဆီးခြင်းတွေနှင့် နှင်ထုတ်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်ရှောင်လာတဲ့ ရခိုင်လူမျိုးတွေကို စစ်ကောင်စီက ဖိနှိပ်နေသလို ဖမ်းဆီးတာတွေနဲ့ နှင်ထုတ်တာတွေရှိတယ်လို့ ဧရာဝတီ တိုင်း အတွင်းမှာရှိတဲ့ ဒေသခံတွေက အတည်ပြုပြောဆိုကြပါတယ်။
“ရေသေ သာပေါင်း ပုသိမ် မှာလက်မခံဘူး ရခိုင်တွေဆို ပိုစစ်တယ် စာရင်းကောက်တယ်။
ရခိုင်ဆိုအေအေလို့ သူတို့က သတ်မှတ်တာကိုး။ လောဘီတွေကလည်း စစ်ရှောင်တွေထဲမှာ အေအေတွေ ပါလာတယ်ဆိုပြီး သတင်းတွေဖြန့်ကြတော့ သူတို့က ပိုစစ်ကြတာ။ လက်ခံတဲ့နေရာက ရေကြည် ငသိုင်းချောင်းမှာပထမ လက်ခံတယ်။ နောက်ကျ မောင်းထုတ်လိုက်တယ် သူတို့လည်း ဘယ်သွားနေလည်းတော့မသိဘူး။ ရခိုင်လူမျိုးက အေအေကို ထောက်ခံတော့ ဗမာစစ်တပ်က ရခိုင်ဆိုကြည့်မရတာပေါ့ လူမျိုးစွဲ သဘောပေါ့။ ပုသိမ်ကိုပြောင်းလာတဲ့ မကျီးစင် ငွေသောင်ယံဘက်က ပြောင်းလာတဲ့သူတွေကို စစ်နေကြတာပဲ လက်လည်းမခံဘူး။ “
ရခိုင်စစ်ဘေးရှောင်တွေကို ပစ်မှတ်ထားဖမ်းဆီးတာ၊ နေရပ်ပြန်လွှတ်တာတွေကို ဧရာဝတီတိုင်းအတွင်းမှာ ရှိတဲ့မြို့နယ်အားလုံးရင်ဆိုင်နေရတာပါ။
ဧရာဝတီတိုင်း၊ငသိုင်းချောင်းမြို့နယ်မှာလည်း စစ်ကောင်စီဟာ လူအင်အားနှစ်ဆယ်လောက်နဲ့ တရွာဝင်တရွာထွက်ကာ ရခိုင်စစ်ဘေးရှောင် ရှိမရှိကို လိုက်လံစစ်ဆေးတာတွေ လုပ်နေတယ်လို့ သူကပြောပါသေးတယ်။
“အမတို့စစ်ရှောင်တဲ့အရင်လ (ဒီဇင်ဘာ၂၀၂၄) တုန်းကတော့ ဒီဧရာဝတီကိုရှောင်တာကို လက်မခံဘူးလို့ ပြောတယ်၊”လို့ ရခိုင်အမျိုးသမီးတဦးက သူဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာတုန်းက ကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းကလည်း ရေကြည်မြို့နယ်၊မြောက်စမ်းရွာအတွင်းက စစ်ဘေးရှောင်၁၆ ဦးကို အာရက္ခတပ်တော်(အေအေ)နဲ့ ပတ်သက်တယ်ဆိုကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးခဲ့ပါတယ်။
ရေကြည်မြို့ဟာ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဇာတိဖြစ်ပြီး စစ်ဘေးရှောင်တွေကို လက်မခံဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောကြပါသေးတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လေကြောင်းအင်အားသုံး တိုက်ခိုက်နေတာကြောင့် ဒေသခံအများအပြားဟာ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးခိုလှုံ့နေရချိန်မှာ စစ်ကောင်စီဟာ ဘုန်းကြီးကျောင်းတွေသာမကဘဲ အိမ်နဲ့ခြံတွေကို မငှားရဲအောင် အိမ်၊ခြံ၊မြေပိုင်ရှင်တွေကို ဖိအားပေးနေသလို နေ့စဥ်နီးပါး ဧည့်စာရင်းစစ်နေတာကြောင့် ရခိုင်စစ်ရှောင်တွေအနေနဲ့ အခက်အခဲပိုမို ကြုံတွေ့နေရတာပါ။
ဧရာဝတီတိုင်းထဲက ရခိုင်လူမျိုးစစ်ရှောင်တွေကို ဖမ်းဆီးနှင်ထုတ်တာအပြင် ရန်ကုန်၊ မန္တလေးစတဲ့ ပြည်မမှာ နေထိုင်တဲ့ ရခိုင်လူငယ်တွေကို စစ်ဆေးမှု ပြုလုပ်ရာမှာလည်း ရခိုင်အမျိုးသားရေးရုပ်ပုံ တက်တူးထိုးထားတဲ့ လူငယ်တွေကို ဖမ်းဆီးခြင်းတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက်ဒေသတွင်း မီဒီယာများတွင် ဖော်ပြကြပါတယ်။
သတင်းလင့်ခ် – https://burmese.narinjara.com/news/detail/677752635f517de6beb6a497
စစ်ကောင်စီက ဝါဒဖြန်နေ့တဲ့ အမုန်းစကားတွေးထဲက တွေ့ရှိရတဲ့ အချက်တချို့ကတော့ –
- ရန်ကုန်မှာ နေထိုင်နေတဲ့ ရခိုင်လူမျိုး ၇၅% ဟာ အေအေ ကိုထောက်ပို့လုပ်နေသူတွေလို့ သတ်မှတ်ကာ ဖမ်းဆီးဖို့ လှုံ့ဆော်တာ
- ရခိုင်ကို ဦးချိုးနိုင်မှ ဧရာဝတီနှင့် မကွေး စစ်မီးမတောက်မှာလို့ အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်ရေးသားတာ
- မကြာခင် ရခိုင်တွေကို မင်းသားလိုကပြလို့မရရင် ဘီလူးဆိုင်းတီးပြီး မီးကင်ဖို့ပဲ ရှိတော့တယ်လို့ အကြမ်းဖက်ဖို့ လှုံ့ဆော်တိုက်တွန်းရေးသားတာ
- ပြည်မြို့မှာ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ ရခိုင်လူမျိုးတွေကို စစ်ဘေးရှောင် အကြောင်းပြပြီး ရောက်လာတဲ့ ရခိုင်သူပုန်တွေကို မောင်းထုတ်မှာလား သာသနာထွန်းကားတဲ့ ပြည်မြို့ကြီးကို အပျက်စီးခံမှာလား ဆိုပြီး အကြမ်းဖက််ဖို့ လှုံ့ဆော်ရေးသားတာ။
- ရန်ကုန်မှာစစ်ရှောင်သလိုလို အခြေချနေထိုင်သလိုလို စစ်မီးမွေးပေးနေတဲ့ရခိုင်တွေ အများကြီးရှိနေတဲ့ အေအေရဲ့ ထောက်ပို့တွေပါ ရပ်ကျေးမြို့နယ်တွေ အကုန်စစ်သင့်တယ်လို့ အကြမ်းဖက်မှု့ကို အားပေးလှုံ့ဆော်တာ
- ရန်ကုန်ထဲကရခီးတွေသတိထား မုန့်တီဆိုင်ကနေ ထမင်းဆိုင်အထိစောင့်ကြည့်နေမှာဖြစ်ကြောင်းရေးသားထားပြီး အချိုးမပြေရင် ရခိုင်ပြည်ပြန်ပို့မယ်လို့ ခြိမ်းခြောက်ရေးသားတာ။
- ခရီးသွားပြည်သူတွေကို ရခိုင်အလံနဲ့ အေအေ အလံ တက်တူးထိုးထားသူတွေကို လေဆိပ် နှင့် ကားဂိတ်တွေမှာ အထူးသတိပြုစစ်ဆေးပေးဖို့နဲ့ တွေ့ရှိပါက နီးစပ်ရာတပ်စခန်းတွေကို သတင်းပေးဖို့ဆိုပြီး အကြမ်းဖက်စစ်ဆေးမှုကို လုပ်ဆောင်ရန် လှုံ့ဆော်ရေးသားထားတာ။
- စစ်ရှောင် ရခိုင်မတွေလဲ အေအေတွေဖြစ်နိုင်တယ်ဆိုတာ မမေ့နဲ့ အေအေ စနိုက်ပါအများစုက ရခိုင်မတွေလို့ အကြမ်းဖက်ဖို့အားပေးလှုံ့ဆော်ရေးသားတာတွေကို ဆက်တိုက်ပြုလုပ်လာတာကို တွေရပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို လုပ်လာတာဟာ စစ်အာဏာရှင်ဟောင်းတွေလက်ထပ်ကလို အချင်းချင်းရန်တိုက်ပေးပြီး စစ်ပွဲကို ကြီးထွားလာစေချင်တာ ကြောင့်ဖြစ်နိုင်တယ်လို့ ရခိုင်အရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက သူ့အမြင်ကို ပြောပါတယ်။
“ ဒါက ရှင်းပါတယ်။ သူက ရခိုင်၊ ဗမာ နောက် ကုလား၊ ဗမာ၊ တရုတ်၊ဗမာ ရန်တိုက်နေကြပဲ အရင်ကတော့ သူလုပ်ကွက်ထဲဝင်ပေမယ့် အခုဟာကတော့ ပညာတတ်ပေါ ဆိုရှယ်ခေတ်ဆိုတော့ အရင်လိုဖြစ်မှာ မဟုတ်ပါဘူး “လို့သူက ဆက်ပြောပါတယ် ။
ဧရာဝတီတိုင်းနှင့် နယ်မြေထိစပ်နေတဲ့ ဂွမြို့နယ်ကို အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်း အတွင်းရှိ စစ်ကောင်စီ ခံစစ်အထူးပြင်ဆင်ထားတဲ့ စခန်းတွေအထိ တိုက်ခိုက်လာတာဖြစ်ပြီး လက်ရှိမှာတော့ ရေကြည်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ရခိုင်စစ်ရှောင်တွေအနေနနဲ့ တခြားမြို့တွေကို စစ်ရှောင်ရမှာ လုံခြုံမှု ရှိဖို့အတွက် စစ်ရှောင်အရေးကူညီသူတွေနဲ့ ချိတ်ဆက်ပြီး အကူအညီရယူဖို့ လိုတယ်လို့ ခိုင်အရေးဆောင်ရွက်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူက အကြံပြုတိုက်တွန်းထားပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork