မြောင်းမြမြို့ သစ်စိမ့်ကုန်းကျေးရွာက ပြည်သူ တစ်ရာနီးပါး ဖမ်းဆီးခံရ

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု သစ်စိမ့်ကုန်းကျေးရွာက ဒေသခံပြည်သူ တစ်ရာနီးပါးကို စစ်အုပ်စုက လက်နက်တွေနဲ့တကွ တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၅ရက်နေ့ ည၉နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက သစ်စိမ့်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် လက်နက်တွေတွေ့ရှိတယ်ဆိုပြီး အခုလို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

“ညတုန်းက စစ်တပ်က ကားသုံးစီးနဲ့ ရွာကိုဝင်မွှေတာလို့ပြောတယ်၊ သေနတ်တွေလဲ တွေ့တယ်လို့ ကြားတယ်၊ တစ်ရွာလုံးနီးပါးပဲ ဖမ်းခံရပြီးတော့ ရဲစခန်းကိုခေါ်လာတာ၊ စစ်ဆေးနေတယ်ပြောတာပဲ၊ သစ်စိမ့်ကုန်းဖက်ကို လှမ်းမေးကြည့်တော့ ဖုန်းတွေလဲ မကိုင်ရဲကြဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်အုပ်စုဟာ ဝါဒဖြန့်ချီရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အခုလို အမှုဆင်ဖမ်းဆီးတာလည်းဖြစ်နိုင်ပြီး မြောင်းမြမြို့မှာ ဒေသခံPDFမရှိဘူးလို့လဲ ဒေသခံအချို့ကလည်း ဆိုပါတယ်။

 သစ်စိမ့်ကုန်းကျေးရွာဟာ ကရင်တိုင်းရင်းသား အများဆုံးနေထိုင်ကြတဲ့ ကျေးရွာဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူများပြားတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ အမည်စာရင်းနဲ့ ဘာ့ကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းဆဲပဲဖြစ်ပါတယ်။