ငပုတောမြို့နယ်မှာ ဇနီးဖြစ်သူဖမ်းဆီးခံရပြီးနောက် ခင်ပွန်းဖြစ်သူ ဆွဲကြိုးချသတ်သေ

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာ ဇနီးဖြစ်သူ ဖမ်းဆီးခံထားရပြီးနောက် ခင်ပွန်းဖြစ်သူ အသက်(၆၀)အရွယ် အမျိုးသားဟာ ကိုယ့်ကိုကိုယ် ဆွဲကြိုးချသတ်သေသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါးပြေမကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း ဧပြီလ ၁၉ရက်နေ့ ညပိုင်းမှာ ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုဟာ ကျေးရွာအတွင်းမှာ ပြည်သူ ၁၀ဦးခန့်ကို ဖမ်းဆီးခဲ့ရာမှာ ဆွဲကြိုးချသေဆုံးခဲ့သူ ဦးမောင်စိန်အောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကုလားမစိန်လည်း ပါဝင်ခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ဦးမောင်စိန်အောင်ဟာ ကျေးရွာအနီးချောင်းစပ်ကို ဆင်းသွားခဲ့ပြီးနောက် ကိုယ်ကိုကိုယ် ဆွဲကြိုးချသတ်သေခဲ့တာကို ဒေသခံတွေက တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေအနက် အချို့ကို စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပေမဲ့ ဦးမောင်စိန်အောင်ရဲ့ ဇနီးဖြစ်သူဟာ ပါဝင်လာတာမရှိဘဲ ဆက်လက်ဖမ်းဆီးခံထားရမှုအပေါ်မှာ ဦးမောင်စိန်အောင်ဟာ စိတ်ထိခိုက်ပြီး အခုလိုလုပ်ဆောင်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။