လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ရေကြည်မှာ ကျေးရွာခုနှစ် ရွာခန့် စစ်ရှောင်နေရ
၂၀ ၊ မတ်
ဒီရက်ပိုင်းအတွင်း ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်လာပြီဖြစ်တာကြောင့် ကျေးရွာ ၇ ရွာဝန်းကျင် စစ်ရှောင် နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲကြောင့် စစ်ရှောင်ရတာဆိုတာထက် ၃၄၄ ရဲ့ လက်နက်ကြီးကိုရှောင်ရတယ်ဆို ပိုမှန်မယ်။ ပြီးတော့ လေကြောင်းနဲ့ပါ လာကြဲတော့ မနေရဲကြတော့တာ ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ဆိုပါတယ်။
ရခိုင်နဲ့ ထိစပ်နေတဲ့ လေးမျက်နှာ၊ ငသိုင်းချောင်းနဲ့ ရေကြည်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို သုံးစွဲခဲ့ပြီး ဂွ-ငသိုင်းချောင်း လမ်းမပေါ်မှာရှိတဲ့ အမြှောက်တပ် အမှတ် ၃၄၄ ကနေလည်း လက်နက်ကြီးတွေနဲ့ ပတ်ချာလည်ပတ်ခတ်မှုတွေ ရှိနေပါတယ်။
စစ်ကောင်စီက စက်စက်ယိုလမ်းဆုံနဲ့ ရေနံသာလမ်းဆုံတို့ကို ပိတ်ထားပြီး စစ်ဆေးရေးတွေကိုလည်း အထူးတင်းကြပ်ထားသလို ဧရာဝတီနဲ့ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို အကြောင်းရင်းမရှိ အချိန်အတော်ကြာ ထိန်းသိမ်းတာမျိုးတွေလည်း လုပ်ဆောင်နေတယ်လို့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တိုက်ပွဲပြင်းထန်မှုနဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်း အန္တရာယ်တွေကြောင့် တိုက်ပွဲဖြစ်နေတဲ့ စက်စက်ယို၊ ချင်းလယ်ကျေးရွာတို့အပြင် ရေကြည်နဲ့ငသိုင်းချောင်းမြို့နယ်တွေထဲက ကျေးရွာတချို့ပါ စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုနှစ်ဆန်းပိုင်းက ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာစတဲ့မြို့နယ်တွေအတွင်းက ရခိုင်နဲ့ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်ခဲ့တဲ့ ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် တရွာလုံးနီးပါးမီးလောင်ပျက်စီးခဲ့ရပါတယ်။