ပုသိမ်မြို့ မူလတန်းပြ ဆရာမတဦးမှာ ကိုဗစ်ပိုးတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကုန်သည်လမ်းရှိအမက (၂၄) ကျောင်းက မူလတန်းပြ ဆရာမ တဦးမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိတာကြောင့် ကျောင်းသားမိဘတွေ စိုးရိမ်မှု ရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီကျောင်းမှာ ဒုတိယတန်း နဲ့ စတုတ္ထတန်း အခန်းတွေကို စာသင်ကြားတဲ့ ဆရာမတဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပေမယ့် ကျောင်းသား ၊ကျောင်းသူတွေကို ပြန်လွှတ်မပေးပဲ စာသင်နေလို့ မိဘအုပ်ထိန်းသူတွေ စိုးရိမ်နေတာပါ။
“ဒီနေ့ (စက်တင်ဘာ ၂၂ )ပိုးသတ်ဖြန်းမှ ကျောင်းကဆရာမ ကိုဗစ်ဖြစ်နေတာကိုသိတာပါ။ ပိုးသတ် ဆေးဖြန်းပြီး စာဆက်သင်နေလို့ ကိုယ့်ကလေးတွေကို သွားခေါ် ကြတော့ ပြန် လွှတ်မပေးဘူး ။ မက်တပ်ပြီး သင်နေတာ ကိစ္စ မရှိပါဘူးလို့ ကျောင်းအုပ်ကြီးက ပြောတယ် “လို့ ကျောင်းသားမိဘ တဦးက DNA ကိုပြောပါတယ်။
ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာဆရာမဟာ စက်တင်ဘာ( ၂၁) ရက်နေ့က နေမကောင်းလို့ ဆေးရုံပြရာက ကိုဗစ်ပိုးရှိမရှိ စစ်ဆေးတဲ့ အခါကိုဗစ်ရောဂါပိုး ရှိနေတာကို သိရတာပါ။
အဲဒီ ကျောင်းမှာ စာသင်ခုံတွေ နီးကပ်နေတာ ၊ လက်ဆေးရေတွေ မထားရှိတာ ၊ မျက်နှာဖုံးတပ်ပြီး အချိန်ပြည့် စာသင်ကြားဖို့ ဆိုတာ အမှန်တကယ် မဖြစ်နိုင်တာတွေကြောင့်လည်း ကိုဗစ်ပိုးကူးဆက်မှာကို စိုးရိမ်တယ် လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါ အတည်ပြုလူနာ ဆရာမဟာ စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့် ထိုးထားသူဖြစ်ပြီး ပြီးခဲ့ သြဂုတ်လ နောက်ဆုံးပါတ်အတွင်းက ပုသိမ်မြို့တော်ခန်းမှာ ကျင်းပတဲ့ ဆို၊က၊ရေး၊တီး ပြိုင်ပွဲကို သွားခဲ့သူလို့ သိရပါတယ်။
ပုသိမ်မြို့မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေ၊ တိုင်းထွေ /အုပ် ဝန်ထမ်းတွေ အပါအဝင် ကိုဗစ်ရောဂါ ပိုးတွေ့အတည်ပြု လူနာ (၃၅) ဦး ခန့်ရှိနေပြီ ဖြစ်ပေမယ့် ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။