AAထိုးစစ်နဲ့အတူ လှိုင်းဂယက်ထလာနေတဲ့ ဧရာဝတီ

Photo – AA Info Desk
 
ဇန်နဝါရီ၊ ၂၈
 
စစ်ရေးအကဲခတ်တွေ သုံးသပ်ထားသလို အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်က ရခိုင်ရိုးမကိုကျော်လွန်ပြီး ဧရာဝတီအပါအဝင် ပြည်မဒေသကို ဦးတည်ခြိမ်းခြောက်လာနေပါတယ်။
 
ရခိုင်ပြည်နယ် ၁၇မြို့နယ်အနက် ၁၄မြို့နယ်အထိ သိမ်းပိုက်ထားပြီးတဲ့နောက် AAနဲ့ပူးပေါင်းတပ်တွေက ရိုးမအရှေ့ခြမ်းအထိ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
 
AAရဲ့ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီ၊မကွေး၊ပဲခူးတိုင်းအစပ်ဒေသတွေမှာ လတ်တလောတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း AAပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်တာပါ။
ဧရာဝတီတိုင်းမှာဆိုရင် ပုသိမ်နဲ့ ရေကြည်စတဲ့မြို့နယ်တွေမှာ AAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
 
ရိုးမကိုကျော်လွန်လာတဲ့ AAထိုးစစ်နဲ့အတူ လေးနှစ်တာတော်လှန်ရေးကာလမှာ စစ်ရေးလှုပ်ရှားမူ ငြိမ်သက်နေခဲ့တဲ့ ဧရာဝတီတိုင်းက လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တာပါ။
 
ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) ကလည်း ဧရာဝတီတိုင်းက မြို့နယ် ခုနစ်မြို့နယ်ကို ခရီးသွားလာမှု သတိထားဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရေကြည်၊ သာပေါင်း၊ပုသိမ်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူနဲ့လေးမျက်နှာမြို့နယ်တွေကို ခရီးသွားသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
ဒီမြို့နယ်တွေဟာAAသိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်အပြင်ရခိုင်ရိုးမနဲ့လည်း ထိစပ်တဲ့ ဒေသတွေဖြစ်ပါတယ်။
ပဲခူးတိုင်းနဲ့လည်းထိစပ်တဲ့ ဧရာဝတီတိုင်းမြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်ကနေ ပုသိမ်မြို့နယ်အထိဟာ ရခိုင်ရိုးမနဲ့ထိစပ်ဒေသတွေရှိနေပြီး အဲ့ဒီထိစပ်ဒေသတွေရဲ့ ရိုးမတဖက်ခြမ်း ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကိုတော့ အာရက္ခတပ်တော် AA က အလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားတာပါ။
 
အဲဒီဒေသတွေထဲက ပုသိမ်မြို့နယ်မကျီးဇင်၊ ဘောမိနဲ့ ရေကြည်မြို့နယ် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
 
အဲဒီနောက်မှာတော့ ပုသိမ်မြို့နဲ့ မိုင်လေးဆယ်ဝန်းကျင်၊ချောင်းသာကမ်းခြေနဲ့ ဆယ်မိုင်လောက်သာဝေးတဲ့ ရွှေသောင်ယံ မြို့အထိ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနေလို့ ဒေသခံတွေအနေနဲ့ ကြိုတင်တိမ်းရှောင်တာတွေလည်း ရှိနေတာပါ။
 
AAရဲ့ထိုးစစ်က ရိုးမအရှေ့ဖက်အထိ ကျော်လွန်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေက အခုကာလမှာမဟုတ် လွန်ခဲ့တဲ့လပိုင်းများစွာကတည်းက ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ AAထိုးစစ်ပြင်းထန်နေပြီး တမြို့ပြီးတမြို့သိမ်းပိုက်ခဲ့တဲ့ကာလကတည်းကဒေသတွင်းစစ်ရေးအကဲခတ်နဲ့နိုင်ငံရေးသမားတွေက AAအနေနဲ့ နောက်ကျောလုံဖို့နဲ့ အပြင်စည်းထားရှိဖို့ ရိုးမနဲ့ဆက်စပ် မကွေး၊ဧရာဝတီ၊ပဲခူးဒေသတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းထိုးစစ်ဆင်မယ်လို့ သုံးသပ်ထားကြတာပါ။
 
“တကယ်လို့အဲနေရာတွေမှာ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ နယ်မြေတခုကိုမတည်ဆောက်ထားနိုင် အမာခံနယ်မြေတခု လွတ်မြောက်နယ်မြေတခုကို မတည်ဆောက်ထားနိုင်ရင်တော့ တပ်တော်ကအရှေ့ဖက်စစ်မျက်နှာအတွက် နောက်ကျောမလုံဖြစ်တာပေါ”လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းက DNAကို သုံးသပ်ပြောကြားဖူးပါတယ်။
 
AAသိမ်းပိုက်ထားတဲ့ ဂွမြို့နဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့က မိုငျ၅၀ကြောျ၊ တောင်ကုတ်နဲ့ ပဲခူးတိုင်းပြည်မြို့ကမိုင်တရာစွန်းစွန်းနဲ့ အမ်းနဲ့ မကွေးတိုင်း မင်းဘူး(ပဒါန်း)တို့က ၁၀၄မိုင်လောက်သာကွာဝေးတာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ AAနဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်နဲ့အတူ အရင်ငြိမ်သက်နေခဲ့တဲ့ ဧရာဝတီတိုင်းမှာ လှုပ်လှုပ်ရှားရှား လှိုင်းဂယက်ထလာနေပြီဖြစ်ပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ဧရာဝတီတိုင်းကို ဝင်ရောက်ထိုးဖောက်ဖို့ တပ်ရင်း၊တပ်ဖွဲ့တွေဖွဲ့စည်းထားပြီး ပြင်ဆင်နေပြီလို့လည်းအသိပေးထားပါတယ်။
ဒါကြောင့်မလို့ ဧရာမြေရဲ့ အခြေအနေက စောင့်ကြည့်စရာကောင်းနေတာပဲဖြစ်ပါတယ်။
 
DNAကဆက်သွယ်ခဲ့တဲ့ ကျောင်းကုန်းမြို့နယ်ဒေသခံတဦးတော့ လတ်တလောအခြေအနေကို အခုလိုပြောပါတယ်။
 
“ငသိုင်းချောင်းဖက်ကအမျိုးတွေကတော့ ကြောက်လို့ပြောင်းလာကြတယ်၊ ကျတော်တို့လည်းအရင်လိုမဟုတ်ဘူး၊သတင်းနားစွင့်နေတာ”