သံတွဲ ဒေသခံထောင်ချီ တိုက်ပွဲတွေကြား ပိတ်မိနေ

Photo – Google

မေ ၊ ၂၃

အာရက္ခတပ်တော် AA နဲ့စစ်ကောင်စီတို့နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က ကုန်းလမ်းရော ရေလမ်းပါ သွားလာခွင့်ပိတ်လိုက်တာကြောင့် တိုက်ပွဲတွေကြား တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ပိတ်မိနေသူ ထောင်ချီ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“စဖြစ်ကတည်းက ကားလမ်းကို ပိတ်ထားတာ၊ အခု ရေလမ်းပါ ထပ်ပိတ်လိုက်ပြီ၊ ဘယ်ဖက်ကိုမှ ပြေးလို့မရတော့ဘူး၊ လက်နက်ကြီး‌ကလည်း နေ့တိုင်းပစ်‌ နေတယ်၊ အသက်စွန့်ပြီး နေ‌ကြရတယ်”လို့ သံတွဲမြို့နယ် ရွှေလှေကျေးရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

သံတွဲမြို့နယ်မြောက်ပိုင်း သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၀န်းကျင်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ ပြီးခဲ့တဲ့ ဧပြီလလယ်‌ကတည်းက တိုက်ပွဲဖြစ်နေခဲ့တာဖြစ်ပြီး အဲဒီ အနီး၀န်းကျင်‌ရွာတွေက ဒေသခံတွေ ပိတ်မိနေကြတာပါ။

တိုက်ပွဲစဖြစ်တဲ့ရက်ပိုင်းတုန်းက ထွက် ပြေးတိမ်း ရှောင်နိုင်ခဲ့သူတချို့ရှိပေမယ့် တိမ်းရှောင်နိုင်ခဲ့ခြင်း မရှိတဲ့ဒေသခံတွေလည်း ထောင်ချီကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စဖြစ်ဖြစ်ချင်း ပြေးတဲ့သူတွေ ရှောင်လို့ရသွားတယ်၊ ပိုက်ဆံမရှိလို့ မပြေးတဲ့သူတွေ ၊ အခြေအနေ ကြည့်အုံးမယ်ဆိုပြီး နေခဲ့သူတွေကတော့ လမ်းမှာ သောင်တင်သူတင် ပိတ်မိနေပြီ”လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဖက်ကနေ သံတွဲမြို့သို့အ၀င်မှာ ဂိတ်ဖွင့်ကာ သွားလာခွင့် ကန့်သတ်၊ ပိတ်ပင်ထားတာလို့ သံတွဲဒေသခံတွေက ပြောပါတယ်။

ဒါ့‌အပြင် သံတွဲချောင်းအတိုင်း သံတွဲမြို့‌ပေါ်ကို သွားလို့ရတဲ့ ဆင်ခေါင်း – ခရမ်းမော် ရေလမ်းကိုလည်း ပြီးခဲ့တဲ့ မေလ ၁၉ ရက်က ထပ်ပြီးပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘာမှ မရဘဲ ပြေးလာခဲ့ကြတာ၊ လူတော့ လွတ်လာတယ်၊ ပစ္စည်းတွေ အ၀တ်တွေ ပြန်ယူချင်တာ မရတော့ဘူး”လို့ သံတွဲမြို့ပေါ်ကို စစ်ရှောင်‌လာတဲ့ အ မျိုးသမီးတဦးက ပြောပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ‌တိုက်ပွဲတွေ နေ့စဉ်နီးပါးရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေရွာထဲကျရောက်ပေါက်ကွဲလို့ သေဆုံးရသူဟာလည်း တပတ်အတွင်းမှာ နှစ်ဆယ်ကျော် ရှိသွားပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်း ပိုက်ထားတဲ့ AA ဟာ မောင်တောနဲ့ အမ်းမြို့နယ်တို့အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ရင်းဌာနချုပ်၊ တပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့နယ်မှာပါ တိုက်ပွဲတွေ ထပ်မံဖော်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုမရှိသေးဘဲ စစ်ကောင်စီက အပြည့်အ၀ ထိန်းချုပ်နိုင်သေးတဲ့မြို့နယ်ဟာ တောင်ပိုင်းအစွန်ဆုံး ဧရာ၀တီတိုင်းနဲ့အစပ် ဂွမြို့နယ်နဲ့ မာန်အောင်ကျွန်း၊ မာန်အောင်မြို့နယ်တို့သာ ကျန်တော့တာဖြစ်ပါတယ်။

AA ကတော့ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတခုကျန် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြွေးကြော်ထားပြီး အချိန်မီလက်နက်ချကြဖို့လည်း သတိပေးထားပါတယ်။