မက္ကဆီကိုမှာ ရွေးကောက်ပွဲကြို မဲဆွယ် ဟောပြောတဲ့ စင်မြင့် ပြိုကျပြီး ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်

မေ၊ ၂၃

မက္ကဆီကို နိုင်ငံမှာ ရွေးကောက်ပွဲအတွက် မဲဆွယ် ဟောပြောနေတဲ့ စင်မြင့် ပြိုကျမှုကြောင့် လူတွေ ထိခိုက် သေကြေမှု ဖြစ်ခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့ ညပိုင်းက သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ့် ဂျော့ဂျ် အယ်လ်ဗာရက်ဇ် မေနက်ဇ်ဟာ ဆန်ပက်ဒရို ဂါဇာ ဂါစီယာမြို့မှာ လူထုကို မဲဆွယ် ဟောပြောနေရင်း စင်မြင့် ကျိုးကျမှုနဲ့ ကြုံတွေ့ခဲ့တာပါ။

အဲဒီဖြစ်စဉ်မှာ လူ ၆ ဦး ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ မေနက်ဇ်ကို မြို့ထဲက ဆေးရုံတခုဆီ ခေါ်ဆောင်သွားပြီး ဆေးစစ် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ဘူးလို့ သူ့ရဲ့ အဖွဲ့သားတွေက အတည်ပြုခဲ့ပါတယ်။

အခင်းဖြစ်ပွားရာမြို့ တည်ရှိတဲ့ ညူဗို လီယွန် ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကတော့ လူပေါင်း ၅၀ ထက်မနည်း ဒဏ်ရာရခဲ့တာကို အတည်ပြုခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့တွေ အမြန်ဆုံး စေလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စင်ပြိုကျခဲ့တဲ့နောက် အပျက်အစီးတွေအောက် ပိတ်မိနေသူ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

စင်ပြိုကျမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် လေပြင်းတွေ တိုက်ခတ်ရာက အကြီးစား ဗီဒီယို Screenကြီး တခုပါ ပြိုလဲလာပြီး ဝရုန်းသုန်းကား ဖြစ်ကုန်တာကို ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ မက္ကဆီကို မိုးလေဝသ ဌာနကလည်း အဲဒီနေရာတဝိုက်မှာ လေပြင်းတွေ တိုက်ခတ်နိုင်ကြောင်း ကြိုတင် သတိပေး ကြေညာထားပါတယ်။

ဒီကိစ္စ အပြီးမှာတော့ မေနက်ဇ်က သူ့ရဲ့ မဲဆွယ်လှုပ်ရှားမှု အားလုံးကို ယာယီ ဆိုင်းငံ့ထားမှာဖြစ်ပြီး သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အရေးကို ပိုမို အာရုံစိုက်ထားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုအပြည့် ဆောင်ရွက်သွားစေမယ်လို့လည်း သူက ကတိပေး ပြောဆိုသွားခဲ့ပါတယ်။

Ref: Reuters