နိုင်ငံကို ပတ်လည်ဝိုင်းပြီး တရုတ် စစ်ရေးလေ့ကျင့်နေမှု ထိုင်ဝမ်ရှုတ်ချ

မေ၊ ၂၃

နိုင်ငံပိုင်နက်ကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်နေတဲ့အပေါ် ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက အပြင်းအထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။

တရုတ်စစ်တပ်က ထိုင်ဝမ်မှာ ခွဲထွက်ရေး ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေကို တုံ့ပြန် ဒဏ်ခတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်ဝမ်ကျွန်းကို ပတ်ချာလည်ဝိုင်းပြီး ရေတပ်၊ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို မေလ ၂၃ ရက် မနက်ပိုင်းမှာ အစပြုခဲ့ပါတယ်။ တရုတ်က အဲဒီ စစ်ရေးလေ့ကျင့်မှုတွေကို ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် ထိုင်ဝမ်ကလည်း ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေကို ဖြန့်ကျက်ပြီး လုံခြုံရေး အစီအမံတွေ တိုးမြှင့်ထားခဲ့ရပါတယ်။ တရုတ်ဟာ ထိုင်ဝမ်မှာ ဝီလျံလိုင်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက်ပိုင်းအတွင်း အခုလို ရန်လိုတဲ့ စစ်ရေးလေ့ကျင့်မှု အခင်းအကျင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် အစဉ်တစိုက် သတ်မှတ်ထားခဲ့ပြီး လိုင်ကိုတော့ သဘောထား တင်းမာတဲ့ ခွဲထွက်ရေးသမား တဦးအဖြစ် ယူဆထားပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလိုမျိုး နိုင်ငံကို ပိတ်လည်ဝိုင်းပြီး တရုတ်က စစ်ရေးလေ့ကျင့်နေတာဟာ တာဝန်မဲ့တဲ့ ရန်လိုခြိမ်းခြောက်မှု သက်သက်သာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ် ရေလက်ကြားရဲ့ တည်ငြိမ် အေးချမ်းမှုကို အဓိက နှောင့်ယှက် ဖျက်ဆီးနေတာဟာ တရုတ်ရဲ့ ရန်လိုမှုတွေသာ ဖြစ်တယ်ဆိုတာ အခုကိစ္စက မြင်သာစေတယ်လို့လည်း ထိုင်ဝမ်ဖက်က စွပ်စွဲခဲ့ပါတယ်။

တရုတ် ရေတပ်နဲ့ လေတပ်တို့ဟာ ထိုင်ဝမ် ရေလက်ကြား၊ ထိုင်ဝမ် ထိန်းချုပ်ထားရာ ကင်မန်း၊ မတ်ဆု၊ ဝူကျူးနဲ့ ဒေါင်ယင် ကျွန်းတွေကိုပါ ခြုံငုံဝန်းရံပြီး ပိတ်ဆို့ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ကြေညာဖို့ အားထုတ်မှု မှန်သမျှကို သည်းခံမှာ မဟုတ်ကြောင်း တင်းတင်းမာမာ သတိပေးထားသလို ကိုယ်ပိုင် အစိုးရ၊ ကိုယ်ပိုင် ရပ်တည်မှုနဲ့ အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံကိုလည်း လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း မကြာခဏ ခြိမ်းခြောက်လေ့ ရှိခဲ့ပါတယ်။

Ref: BBC