မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် သတိထား ချဉ်းကပ်ရမယ့် ကဏ္ဍများ

Photo – AA Info Desk

မေ၊ ၂၅

ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီ ဘိရှော့ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုတဲ့ ခေါင်းခေါက်စရာ ရာထူးကို လက်ခံ ယူလိုက်ပါပြီ။ မြန်မာ့အရေးမှာ ပါဝင် ကိုင်တွယ်ရတယ် ဆိုတာဟာ သံတမန်ရေးရာ ဖုန်းဆိုးမြေတခုဖြစ်ပြီး ဘိရှော့အတွက် အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှု ဆိုတာကို သူ့ရဲ့ရှေ့က သံတမန်ရေး အရာရှိတွေရဲ့ ဖြတ်သန်းမှု၊ အာဆီယံ ခေါင်းဆောင်တွေရဲ့ မအောင်မြင်မှုတွေကို ကြည့်ပြီး အလွယ်တကူ မှန်းဆနိုင်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ အစွမ်းရှိသမျှ ညှိနှိုင်းဆွေးနွေး ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ခေါင်းမာပြီး အသိတရား ခေါင်းပါးလွန်းတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စကားပြောရတာ အင်မတန် လက်ပေါက်ကပ်လွန်းခဲ့ပါတယ်။ သူတာဝန်ယူတဲ့ အခါမှာ အောင်မြင်မှုတွေ ရဖို့ ဆိုရင်တော့ ရလဒ်မကောင်းခဲ့တဲ့တိုင်အောင် အရင်တုန်းက လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ကြားဝင် ဆွေးနွေးမှုတွေကို ဘိရှော့အနေနဲ့ လည်ပြန်လှည့်ကြည့်ပြီး သင်ခန်းစာ ယူသင့်တာတွေကို ယူရပါလိမ့်မယ်။

ဘိရှော့ဟာ မြန်မာ့ ပြည်တွင်းစစ်အတွက် အဖြေရှာ ညှိနှိုင်းရာမှာ သက်ဆိုင်ရာ အစုအဖွဲ့တွေရဲ့ ထိပ်ဆုံးအဆင့် လူပုဂ္ဂိုလ်တွေချင်း တွေ့ဆုံနိုင်ရေး ကြားဝင်ပေးတာမျိုးကို မဖြစ်မနေ ရှောင်ရပါမယ်။ မြန်မာ့နိုင်ငံရေး အခြေအနေကို ကြည့်မယ်ဆိုရင် အာဏာသိမ်း စစ်တပ်ရော၊ စုံလင်ကွဲပြားလှတဲ့ တော်လှန်ရေး အစုအဖွဲ့တွေကပါ စစ်ရေးအရ ပြတ်ပြတ်သားသား အောင်မြင်မှုကို ပိုဦးတည်လိုတဲ့ သဘောထား ရှိတာကြောင့် တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်းရေး ဆိုတာက အများကြီး ခက်ခဲနိုင်ပါတယ်။ မြန်မာ့ နိုင်ငံရေး နောက်ခံ သမိုင်းကြောင်းကို ကြည့်ရင် ဆက်နွှယ် ပတ်သက်တဲ့ အစုအဖွဲ့တွေမှာ စစ်တပ် အပါအဝင် ဆွေးနွေးရမယ့် အင်အားစု တော်တော်များများ ရှိနေတာကြောင့် အပြန်အလှန် အပေးအယူလုပ် ညှိနှိုင်းလို့ ကောင်းပါတယ်ဆိုတဲ့ ကာလမျိုးတွေမှာတောင် ဒီကိစ္စက လက်တွေ့ လုပ်ဆောင်ဖို့ အရမ်းခက်ခဲပါတယ်။ ဒီတော့ လက်တွေ့ကျတဲ့ ဖြေရှင်းမှု ဆိုတာဟာ အောက်ခြေ အဆင့်တွေမှာ အစုအဖွဲ့စုံ ပါဝင်တဲ့ ကနဦး ဆွေးနွေးမှုတွေကို နှစ်ပေါင်း အတော်များများ အချိန်ယူပြီးမှ ရှေ့ဆက်တိုးဖို့၊ ဒါမှမဟုတ် စစ်တပ်ရဲ့ အင်အား သိသိသာသာ ယိုင်နဲ့ ယုတ်လျော့သွားဖို့ နှစ်ခုထဲက တခုခု ဖြစ်လာမှသာ အဆင်ချောနိုင်မှာပါ။

ဒီတော့ ပိုပြီး လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ ချဉ်းကပ်မှု ဆိုတာက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဒေသအလိုက် တိုင်းရင်းသား တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ရည်မှန်းပြီး ပြည်လုံးကျွတ် ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနေတဲ့ တော်လှန်ရေးတို့ကို အာရုံစိုက်ခြင်းပါပဲ။ ဥပမာ အနေနဲ့ ရှမ်းပြည်နယ်လို နေရာမျိုးတွေမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စု အသီးသီးကြား အလုပ်ဖြစ်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဘယ်လို တည်ဆောက်ယူမလဲ ဆိုတာတွေကို ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ အဲဒီ ချဉ်းကပ်မှုဟာ တရားဝင်မှုနဲ့ နယ်မြေ ထိန်းချုပ်မှု ရရှိရေးကို အလေးထားနေတဲ့ နိုင်ငံရေး အင်အားစုတွေကြားက ကိစ္စတွေကိုပါ ဦးတည်ဖို့ လိုပါတယ်။ ဘယ်လို ဗျူဟာမျိုးမှာ ဖြစ်ပါစေ၊ အောက်ခြေကနေ တဆင့်ချင်း ဖြည်းဖြည်းမှန်မှန် တက်တဲ့ နည်းလမ်းဟာ ထိပ်ဆုံးအဆင့်ကနေ စတင်တာမျိုးထက်တော့ ပိုပြီး ပညာသားပါတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

ဘိရှော့ အနေနဲ့ နောက်ထပ် ခေါင်းထဲမှာ စွဲနေသင့်တဲ့ ရှေ့လူတွေရဲ့ သင်ခန်းစာကတော့ ကနဦးအဆင့် တွေ့ဆုံဆွေးနွေးမှုတွေဟာ ယုံကြည်မှု တည်ဆောက်ရေးကို ဦးစားပေးပြီး အစုအဖွဲ့စုံ ပါဝင်နိုင်တဲ့ မဟာဗျူဟာတွေ ချမှတ်ဖို့ လိုတယ် ဆိုတာပါပဲ။ လောလောလတ်လတ် အာဆီယံ ခေါင်းဆောင်တွေ အားထုတ်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရေးကို အလောတကြီး မလုပ်သင့်ဘူး ဆိုတာက အရေးပါတဲ့အချက်မှန်း မြင်ရပါလိမ့်မယ်။ ပထမဆုံး အနေနဲ့ ဘိရှော့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဦးဆောင် ပါဝင်သူတွေကို ပြည်ပမှာ အရင်ဆုံး စကားပြောသင့်ပါတယ်။ အဲဒီထဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ မြန်မာ့ လူမှုအသင်းအဖွဲ့တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အာဆီယံ ခေါင်းဆောင်တွေ၊ အနောက်နိုင်ငံတွေရဲ့ ဆက်စပ် အင်အားစုတွေ၊ တရုတ်နဲ့ ဂျပန်ရဲ့ အထူးကိုယ်စားလှယ်တွေ၊ ပြည်ပရောက် စစ်ရှောင်တွေ အစုံအလင် ပါဝင်ရပါမယ်။ နောက်တခုက တွေ့ဆုံမှုတွေကနေ သက်ဆိုင်ရာ အစုအဖွဲ့တွေက၊ အထူးသဖြင့် အာဏာသိမ်း စစ်တပ်က ဝါဒဖြန့်လို့ကောင်းတဲ့ ဓာတ်ပုံမျိုးတွေ ထွက်ပေါ်နိုင်ခြေကို ရှောင်ဖို့ ဘိရှော့က သတိထားသင့်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရုံးနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ၊ မမှန်ကန်တဲ့ စွပ်စွဲချက်တွေကို ကိုင်တွယ်ဖြေရှင်းရမယ့် ဆက်ဆံရေးတွေမှာ ပြောင်းလွယ်ပြင်လွယ် သီးခြားလမ်းကြောင်းတွေ ကြိုစီစဉ်ထားတာက ပညာသားပါတဲ့ အစီအမံမျိုး ဖြစ်မှာပါ။

ဒါ့အပြင် ဘိရှော့ဟာ မြန်မာ့ လူသားချင်း စာနာမှု တုံ့ပြန်ရေး စနစ်တွေနဲ့ ပတ်သက်ပြီး ပိုတိုးတက်လာအောင် လူမြင်ကွင်း နောက်ကွယ်မှာ အပတ်တကုတ် အားထုတ်မှုတွေ ရှိသင့်ပါတယ်။ အဲဒီအတွက် ထောက်ပံ့ရေး လုပ်ငန်းတွေမှာ ကူညီနေတဲ့ ဒေသခံ NGOတွေနဲ့ပါ အဆက်အသွယ် လုပ်သင့်ပါတယ်။ မြန်မာ့ ပြည်တွင်းစစ်က အချိန်တိုအတွင်း ပြီးဆုံးသွားနိုင်စရာ မရှိသလို ဗျူဟာမြောက် နယ်မြေတွေ စိုးမိုးနိုင်ရေးကို အကြောင်းပြုပြီး အခြေအနေတွေက ပိုတောင် ပွဲကြမ်းလာနိုင်ပါတယ်။ ဥပမာ အနေနဲ့ နယ်စပ်ကုန်သွယ်ရေး အချက်အခြာမြို့ဖြစ်တဲ့ မြဝတီကို ပြန်လည် ထိန်းချုပ်ဖို့ စစ်တပ်က အသည်းအသန် အားထုတ်နေတာမျိုးတွေပါ။ ဗျူရိုကရက် ယန္တရားရဲ့ နှောင့်နှေးမှုတွေနဲ့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု ဖော်ဆောင်ရေး မူဝါဒ ရှုပ်ထွေးမှုတွေကြောင့် ပိုမို အားကောင်းပြီး ပြတ်သားတဲ့ ခေါင်းဆောင်မှုနဲ့ သစ်လွင်တဲ့ နည်းလမ်းတွေ လိုအပ်လာနေပါပြီ။ ဖြစ်သင့်တဲ့ ခြေလှမ်းတခုကတော့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အပါအဝင် ဒေသခံ အစုအဖွဲ့တွေ ပါဝင်နိုင်ရေးကိုပါ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီ အစုအဖွဲ့တွေဟာ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားရာ နယ်မြေတွေမှာ အရေးကြုံလာတိုင်း လူထုကို အကူအညီပေးဖို့ ရှေ့ထွက်လာတတ်ကြပါတယ်။

ပြီးတော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဟာ အာဆီယံနဲ့ စဉ်ဆက်မပြတ် ညှိနှိုင်းရင်း မြန်မာ့အရေးမှာ စစ်ခေါင်းဆောင်တွေကို ချော့မော့ဆွေးနွေးနေရုံ အဆင့်ထက် ပိုတဲ့ တိကျပြတ်သားတဲ့ မဟာဗျူဟာမျိုး ပေါ်ထွန်းလာအောင် တွန်းအားပေးသင့်ပါတယ်။ နောက်ပြီး တရုတ်က ကြားဝင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တခုခု ကွဲပြားတဲ့ အဆင့်မျိုး ဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။ လက်ရှိမှာတော့ တရုတ်ရဲ့ ဦးစားပေး ရည်ရွယ်ချက်ဟာ တရုတ်-မြန်မာ နယ်စပ်တလျှောက် အပစ်အခတ် ရပ်စဲရေး ဆိုတာ တခုကိုပဲ အဓိက ဖိအားပေး လုပ်ဆောင်ထားပြီး တကယ့် ငြိမ်းချမ်းရေး အစစ်အမှန်ကို ဦးတည်ထားတာ မဟုတ်ပါဘူး။ အာဆီယံရော၊ တရုတ်ကိုပါ မြန်မာစစ်တပ်ဟာ ဒေသရဲ့ အရေးပါတဲ့ တည်ငြိမ်တိုးတက်ရေးအတွက် ဦးဆောင်နိုင်မယ့်သူတွေ မဟုတ်ဘူး ဆိုတဲ့အကြောင်း သိမ်းသွင်းစည်းရုံး နားချဖို့က အရေးကြီးပါတယ်။ စုပေါင်း သတ်မှတ်ထားတဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ ဆိုတာကလည်း လက်ရှိ ပဋိပက္ခတွေကို စီမံခန့်ခွဲရုံဆိုတဲ့ ရိုးရှင်းတဲ့ အဆင့်ထက်ပိုပြီး ဖက်ဒရယ် ဒီမိုကရေစီ အရွေ့ဆီကို ဦးတည်သင့်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ အရင်အစိုးရ လက်ထက်တုန်းက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ဆွေးနွေးပြီး ပြေလည်မှု ရရှိထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဆက်လက် တည်တံ့နေဆဲဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ စကားကို လုံးဝ အသိအမှတ်မပြုဘဲ သတိကြီးကြီး ရှောင်ကြဉ်ရပါမယ်။ အာဏာသိမ်းလိုက် ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းကြောင်းဟာ ရပ်တန့်သွားခဲ့ပြီး ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာမသိမ်းခင် ကတည်းက အဲဒီ ဆွေးနွေးမှုတွေရဲ့ အခြေအနေက ယိုင်နဲ့နဲ့ ဖြစ်စပြုနေခဲ့တာပါ။ အာဏာသိမ်းပြီးတဲ့ အခါမှ စစ်တပ်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ထောင်ချတာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့တာကြောင့် စစ်တပ်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုတာကို ဘယ်သူမှ အယုံအကြည် မရှိတော့ပါဘူး။ ဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အားထုတ်မှုတွေ ဆက်လက် တည်မြဲနေသယောင် စစ်တပ်ရဲ့ ပုံသွင်းမှုကို နားယောင်မိရင် ဗျူဟာမြောက် အမှားကြီးကို ကျူးလွန်မိတာမျိုး ဖြစ်သွားပြီး နိုင်ငံရေးအရ ဆိုးကျိုး ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဆီ အဖွဲ့အစည်း အသီးသီးကို သိမ်းသွင်း ခေါ်ဆောင်ချိန်မှာ ဘိရှော့ဟာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုကို လက်ခံဖို့ အလောတကြီး တွန်းအားမပေးသင့်ပါဘူး။ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဆိုတာတွေက ကျိုးပျက်သွားခဲ့ပြီး အလားတူ နှစ်ဖက်ကြား သီးခြား ညှိနှိုင်းထားတဲ့ အပစ်ရပ် သဘောတူညီမှုတွေပါ ပျက်ပြယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ သမိုင်းတလျှောက် အပစ်အခတ် ရပ်စဲမှုတွေ ဘယ်လိုဘယ်ပုံ ရှိခဲ့သလဲ ဆိုတာနဲ့ အဲဒီသဘောတူညီချက်တွေကို စစ်အာဏာရှင်တွေက အမြတ်ထုတ်ပြီး ဘယ်လို အသုံးချခဲ့သလဲ ဆိုတာတွေကို နားလည်ထားဖို့ လိုပါတယ်။ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်နဲ့ လက်တဆုပ်စာ တိုင်းရင်းသား အင်အားစုတချို့ကြား အပစ်ရပ် ဆွေးနွေးမှုတချို့ ဆက်ရှိခဲ့တဲ့တိုင် လက်ရှိ စစ်ခင်းနေတဲ့ အင်အားကြီး အစုအဖွဲ့တွေနဲ့ တကယ်တမ်း ရှည်ကြာတည်တံ့တဲ့ အပစ်အခတ် ရပ်စဲမှုမျိုး ဆွေးနွေးဖို့ဆိုတာ စစ်တပ်မှာ အရှိန်အဝါ မရှိတော့သလောက်ပါပဲ။ ဒီတော့ အဲဒီအားထုတ်မှုတွေဟာ နိုင်ငံရေး တည်ငြိမ်ပြီး အစိုးရသစ်တရပ် အာဏာရလာမှသာ ပြန်စတင်သင့်ပါတယ်။

နောက်ဆုံး အချက်ကတော့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာ့ ပြည်တွင်းစစ်မှာ ရဲရင့်ပြတ်သားပေမယ့် သတိကြီးကြီးနဲ့ ချဉ်းကပ်တဲ့ ဘက်မလိုက် ဝါဒစွဲ ကြားခံလူအဖြစ် ရပ်တည်ပြဖို့ ဖြစ်ပါတယ်။ အရင်လူတွေနဲ့ ဆက်ဆံရာမှာတော့ ဖက်ဒရယ် ဒီမိုကရေစီရေး လှုပ်ရှားမှုဖက်ကရော၊ စစ်တပ်ဖက်ကပါ ခေါင်းဆောင်ပိုင်း အသီးသီးဟာ ပြင်ပ အကူအညီတွေ ထိထိရောက်ရောက် ရယူနိုင်ရေး ကိစ္စတွေမှာ ရုန်းကန်ခဲ့ရပါတယ်။ ပြဿနာတွေကို ကန့်သတ်ခံထားရတဲ့၊ ရွေးချယ် အာရုံစိုက်ထားတဲ့ ကြားဝင်မှုတွေနဲ့သာ ရှင်းလင်းခဲ့ရပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ လက်ရှိ စစ်ရေး ပဋိပက္ခတွေ အပါအဝင် ပြဿနာပေါင်းစုံကြောင့် မြန်မာ့ အရေးဟာ ပြည်တွင်း စီမံခန့်ခွဲနိုင်စွမ်း သက်သက်နဲ့ အဖြေရှာဖို့ လုံးဝ မလုံလောက်တော့ပါဘူး။

ဒီတော့ ငြိမ်းချမ်းရေး တည်ဆောက်မှု အားထုတ် ကြိုးပမ်းခဲ့သမျှတွေမှာ မအောင်မြင်ခဲ့တဲ့ ရှေ့က သမိုင်းအဆက်ဆက်ကို သင်ခန်းစာ ယူရင်း ကြားဝင်စေ့စပ် ဆွေးနွေးမှုတွေမှာ လူထုရဲ့ ကောင်းကျိုးကို ဦးစားပေး ဗဟိုပြု ချဉ်းကပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေဟာ ရက်စက်ပြီး ဖိနှိပ်လွန်းတဲ့ စစ်အာဏာရှင် အုပ်စိုးမှု ကင်းဝေးရာ အနာဂတ်ကို မျှော်လင့်နေကြပါတယ်။ အဲဒီ ရည်မှန်းချက်ဆီ ချီတက်ရာမှာ မမှိတ်မသုန် အားထုတ်မှုတွေလည်း လိုအပ်ပါတယ်။

(East Asia Forum၏ Can the new UN Envoy avoid past mediation failures in Myanmar? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)