လူမဆန်တဲ့ဖိနှိပ်မှုတွေ ရပ်တန့်မယ့် လက္ခဏာမတွေ့ရဘူးလို့ ကုလပြော

၁၂ ၊ မေလ , ၂၀၂၁ ။

မေလ ၁၁ရက်ဟာဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ရက်ပေါင်း ၁၀၀ ပြည့်ပါပြီ။ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာက ဖိအားပေးနေပေမယ့် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းနေတာတွေဟာ ဒီနေ့ထိပဲလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး(OHCHR)က ပြောလိုက်ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ သူတိုရဲ့ အာဏာတည်မြဲရေး ကြိုးစားဖို့ ဆန္ဒပြသူတွေအပေါ် လူမဆန်တဲ့ ဖြိုခွင်းနှိမ်နင်းတာတွေကို ရပ်တန့်မယ့် အရိပ်အယောင် မတွေ့ရဘူး ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့တဲ့ဆန္ဒပြသူတွေအရေအတွက်ကို ကမ္ဘာကစောင့်ကြည့်နေချိန်မှာ အာဏာသိမ်းစစ်အုပ်စုကတော့ မြန်မာပြည်သူတွေအပေါ် တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေဆက်ပြီး ကျူးလွန်နေတယ်”လို့ (OHCHR)ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၄ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံအရေးပေါ်အစည်းအဝေးအပြီး ထွက်ရှိလာတဲ့ ဘုံသဘောတူညီချက် ၅ချက်ကို မြန်မာအာဏာသိမ်းစစ်အုပ်စု လိုက်နာဖို့ အာဆီယံအနေနဲ့ အလျင်အမြန်ဖိအားပေးလုပ်ဆောင်သင့်တယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ မေလ ၁၀ရက်နေ့အထိ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက အင်အားသုံးနှိမ်နင်းဖြိုခွင်းမှုတွေကြောင့် လူပေါင်း ၇၈၀ကျော်သေဆုံးခဲ့တယ်လို့ ကုလအစီရင်ခံစာတွေအရ သိရပါတယ်။

Ref : ANI