
ဧရာဝတီတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုတွေလုပ်မယ့် ဧရာဝတီ PDF တပ်ဖွဲ့အတွက် ရန်ပုံငွေရှာဖွေရေး အစီ အစဉ်တခုဖြစ်တဲ့ “အိမ်ပြန်မယ့်လှိုင်းဧရာတိုင်း”ကမ်ပိန်းမှာ ပြည်တွင်းကထောက်ပံ့မှုအများဆုံးရနေတယ်လို့ PDF ဗျူဟာ၂၉ ဘဏ္ဍာရေးတာဝန်ခံ တဦးက DNAကိုပြောပါတယ်။
“အကြမ်းဖက်စစ်တပ်လက်အောက်ကနေလွတ်မြောက်ဖို့ တစ်နိုင်ငံလုံးကပြည်သူတွေ ပူးပေါင်းပါဝင်နေ ကြပါ တယ်။ဧရာဝတီက စစ်ကောင်စီအရှိုက်ကိုထိမယ့် စစ်မျက်နှာပြင်ဖြစ်လို့ ပြည်သူတွေက ဝန်းရံတာပါ” လို့ သူ ကပြောပါတယ်။
တလအတွင်း စုစုပေါင်း ကျပ်သိန်းငါးထောင်ရဖို့ မျှော်မှန်းထားတဲ့ အဲ့ဒီရန်ပုံငွေရှာဖွေရေးအစီအစဉ် ခြောက်ရက် မြောက်မှာပဲ ၂၁ရာခိုင်နှုန်းအထိ ရခဲ့သလို လက်ရှိမှာ လျာထားချက်ရဲ့ လေးပုံတပုံ ၂၅ရာခိုင်နှုန်းကို ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ပြည်သူတွေက ထည့်ဝင်ထားပြီလို့ သိရပါတယ်။
ဒီကမ်ပိန်းကိုတော့ ဇန်နဝါရီ ၁၈ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက်အထိပြုလုပ်မှာဖြစ်ပြီး ကမ်ပိန်းစတင်အပြီး ဆယ် ရက်အကြာ မှတ်တမ်းတွေအရ ပြည်တွင်းနေပြည်သူတွေက အများဆုံး ထောက်ပံ့ပါဝင်နေကာ စင်ကာပူနဲ့ အမေ ရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေကတော့ ဒုတိယနဲ့ တတိယအများဆုံးပါဝင်ထောက်ပံ့ထားတယ် လို့ ကမ်ပိန်းစီစဉ်သူ တွေကပြောပါတယ်။
အဲ့ဒီကမ်ပိန်းကနေ ရရှိလာတဲ့ငွေကြေးတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဗျူဟာ ၂၉(ဧရာဝတီဗျူဟာ)ရဲ့ စစ်ရေးကိစ္စတွေ အတွက် အသုံးပြုမယ်လို့ ဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီတိုင်းစစ်ဌာနနဲ့ PDF ဗျူဟာ ၂၉ ကို NUG က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းကြောင်းကြေညာထားပြီး ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ရေးကြိုးစားနေတယ်လို့ အဲ့ဒီဗျူဟာ တာဝန်ရှိသူတွေကလည်းပြောထားပါတယ်။
ဒါ့အပြင် NUG အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အခုနှစ် ၂၀၂၅မှာ ဧရာဝတီတိုင်းဟာ အရေးကြီးစစ်မျက် နှာဖြစ်လာမယ်လို့ ဆိုထားသလို NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကလည်း ဗျူဟာ ၂၉တပ်ဖွဲ့ဝင်ရဲဘော် တွေဟာ ဧရာဝတီစစ်မျက်နှာအတွက် တာဝန်ယူရမယ့်သူတွေလို့ အခြေခံစစ်သင်တန်းဆင်းပွဲတခုမှာထည့်ပြော ထားပါတယ်။
အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း ကမ်ပိန်အတွက် တာဝန်ရှိသူကတော့ PDF အမှတ် ၂၉ဗျူဟာ ဧရာဝတီတိုင်းထဲ စစ် ဆင်ရေးတွေဖော်ဆောင်ဖို့ပြင်ဆင်နေတဲ့အပေါ် ဧရာဝတီဒေသခံပြည်သူတွေအနေနဲ့ထောက်ခံ ကြိုဆိုနေတယ်လို့ ယုံကြည်ကြောင်း DNAကိုပြောပါတယ်။
ဧရာဝတီတိုင်းဟာ ပထဝီအနေအထားအရ တော်လှန်ရေးဆိုင်ရာ စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ ခက်ခဲတဲ့ ဒေသ ဖြစ်ပေမယ့် ဧရာဝတီတော်လှန်ရေးအင်အားစုတွေအနေနဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ ၂၀၂၁ ခုနှစ်ကတည်းကစလို့ ကြိုးပမ်းအားထုတ်နေခဲ့တာလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားတဲ့ ကိုဝေယံအောင်(ခ)သားနတ်သျှင်နောင်က ဆိုပါတယ်။
“ဒါကြောင့်လည်းဒီနေ့၊ဒီအခြေအနေမှာ စစ်ဆင်ရေးတွေစတင်ဖို့အတွက် အသင့်ဖြစ်လို့နေပါပြီ။သို့သော်လည်း လိုအပ်တဲ့လက်နက်၊ခဲယမ်းတွေအတွက် အထောက်အကူများစွာ လိုအပ်လျက်ရှိပါတယ်”လို့ လက်ရှိမှာ PDF တပ်မတော် အမှတ်(၃)စစ်ဒေသ စစ်သုံ့ပန်းထိန်းသိမ်းရေးဌာန တာဝန်ခံအဖြစ် ထမ်းဆောင်နေတဲ့ ကိုဝေယံအောင် က “အိမ်ပြန်မယ့်လှိုင်းဧရာတိုင်း”ကမ်ပိန်းကတဆင့် သတင်းစကားပါးပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေအများအပြားရှိနေသလို နွေဦးတော် လှန်ရေးကာလအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေအားနည်းတာကြောင့် စစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော် ချီးကျူးတာတွေရှိခဲ့တဲ့ ဧရာဝတီတိုင်းမှာ ၂၀၂၄နှစ်ကုန်ပိုင်းမတိုင်မီအထိ တော်လှန်ရေးအင်အားစုတွေခြေကုပ်မယူ နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊သာပေါင်း၊ရေကြည် စတဲ့မြို့နယ်တွေမှာပါ တိုက်ပွဲတွေဖြစ်လာနေသလို အမျိုး သားညီညွတ်ရေးအစိုးရအဖွဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေကလည်း ဧရာဝတီတိုင်းအတွင်း စစ်ဆင် ရေးဖော်ဆောင်ဖို့ လူသိရှင်ကြားထုတ်ပြောတာတွေရှိလာတာပါ။