မြန်မာစာ၊ မြန်မာစကား ခံတပ်တခုပြိုလဲခြင်း

ဇန်နဝါရီ၊ ၃၀
 
ပြည်တွင်းစစ်ရေး အရွေ့ အခြေအနေတွေအရ ဧရာဝတီတိုင်းအကြောင်းလူပြောများလာချိန်၊ ဧရာဝတီကို အများ အာရုံစိုက် နေကြချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင် လူသိများထင်ရှားတဲ့ ဧရာဝတီတိုင်းသားတယောက် ရုတ်တရက် ကြွေ လွင့်သွားခဲ့တယ်…။
 
ရင်းနှီးသူတွေက “ဆရာအေး”လို့ ခေါ်ဝေါ်တတ်ကြပြီး၊တပည့်တွေက ဆရာဦးခင်အေး၊ စာဖတ် ပရိသတ် အနေနဲ့ ဆိုရင်တော့ မောင်ခင်မင်(ဓနုဖြူ)ဆိုတဲ့ ကလောင်နာမည်နဲ့သိကြသူ။
 
နာမည်ရင်းနဲ့ကလောင် ကွဲပြားမှုတွေရှိပေမဲ့ သူ့ကိုဆုံဖူး၊တွေ့ဖူးသူတိုင်း ထပ်တူကြုံခဲ့ကြရမှာကတော့ ကလောင်နဲ့ လိုက်အောင် ခင်မင်စရာကောင်းတဲ့ အပြုံးချိုချို၊ မာန်မာနကင်းတဲ့မျက်နှာထား၊ အရွယ်သုံးပါးအပေါ် “ကျွန်တော်” ဆိုတဲ့ နာမ်စားနဲ့ ကိုယ့်ကိုယ်ကိုယ်ဖော်ပြတတ်သူ၊လေသံအေးအေးနဲ့ ပြောဆိုလေ့ရှိသူ၊ မြန်မာစာ၊မြန်မာစကား အကြောင်းသာဆိုရင် ကရားရေလွှတ် မမောတမ်းပြောနေတတ်သူတဦးဆိုတာပါ။
 
စကားပြောတဲ့အခါ “ကျွန်တော်”၊ “ခင်ဗျား” ဆိုတာ ဆရာ့လက်သုံး နာမ်စားတွေ။တချို့ကိုတော့ ငယ်ရွယ်သူ ဖြစ်နေစေဦးတော့ သူကပဲ “ဆရာ” ဆိုတဲ့ နာမ်စားပြန်သုံးတတ်ပါသေးတယ်။
 
သူနဲ့ အသက် ငါးဆယ်လောက်ကွာပြီး မြေးအရွယ်လောက်သာရှိမယ့် အခုစာရေးနေသူကိုတောင် “ကျွန်တော်” ဆိုတဲ့ အသုံး၊ငြင်သာတဲ့ပကတိလေသံ၊အပြုံးချိုချိုနဲ့ ပြောဆိုဆက်ဆံခဲ့တာကို ကိုယ်တိုင်တွေ့ကြုံဖူးခဲ့တာက အ မှတ်ရစရာပါ။
 
အဲ့ဒီတုန်းက ဆရာကြီးက အမျိုးသားစာပေတသက်တာဆုရှင်အဖြစ် ပူပူနွေးနွေးကြေညာခံထားရချိန်၊ အခုစာရေး နေသူကတော့ တသက်တာစာပေဆုရှင် ဆရာ့ဆီက စကားသံတချို့ရနိုင်ဖို့ နေအိမ်ကိုသွားရောက်မေးမြန်းတဲ့ လူ ငယ် သတင်းသမားတဦးပါ။
 
“မြန်မာစာမှာဘယ်အကြောင်းကိုရေးရင် ဘယ်လိုစာလုံးပေါင်းရမယ်ဟု သတ်မှတ်ထားသောစည်းကမ်းချက်များ ရှိပါသည်။ထိုစည်းကမ်းချက်များနှင့်အညီရေးမှ ဆိုလိုသော အဓိပ္ပာယ်ရပါလိမ့်မည်”
ဘဝတသက်တာလုံး မြန်မာစာ၊မြန်မာစကားနဲ့ပတ်သက်ပြီး လေ့လာ၊ပြုစု၊အသိအမြင်တွေ ပြန်လည်ဖြန့်ဝေသွားခဲ့ တဲ့ မြန်မာစာ၊မြန်မာစကားဆိုင်ရာ ပညာရှင် ဆရာမောင်ခင်မင်(ဓနုဖြူ)ကအဲ့ဒီလို လမ်းညွှန်ခဲ့ပါတယ်။
 
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ခုနှစ်က ဓနုဖြူမြို့မှာ မွေးဖွားခဲ့သူ ၊၂၀၂၅ခုနှစ် ဇန်နဝါရီ ၂၈ရက်မနက်အစောပိုင်း က ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်တော့ အသက် ၈၅နှစ်ကျော်ခဲ့ပြီ။ဒါပေမဲ့ ဇရာကိုအံတုရင်း ဘဝရဲ့ နောက်ဆုံးနေ့ ရက် တွေအထိ မြန်မာစာ၊မြန်မာစကားအတွက် တာဝန်တွေထမ်းနေဆဲပဲ။
“မနေ့က(ကွယ်လွန်မဲ့နေ့)တောင်ဒီမှာဆရာတို့စုရုံးပြီးအစည်းအဝေးလုပ်တယ်၊ဆရာနဲ့ဘေးချင်းယှဉ်ပြီးထိုင်တယ်၊ညဒီလိုဖြစ်တယ်”
 
ပညာရေးဝန်ကြီးဌာန၊မြန်မာစာအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာထွန်းတင့်(မြန်မာစာ)က ဆရာမောင်ခင် (ဓနုဖြူ)နောက်ဆုံးအချိန်အထိ မြန်မာစာအတွက်အလုပ်လုပ်ခဲ့ပုံတွေပြန်ပြောင်းပြောပြတာကို Mercury Variety ဖေ့စ်ဘွတ်ခ် Page ကမေးမြန်းဖော်ပြထားတဲ့ရုပ်သံမှာတွေ့ရပါတယ်။
 
“သူလိုလူက အစားထိုးလို့မရဘူး”လို့လည်း တက္ကသိုလ်ကျောင်းဆရာ ဘဝတွေကတည်းကနေ ကွယ်လွန်ချိန်အထိ ဆရာမောင်ခင်(ဓနုဖြူ)နဲ့အတူလက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်၊မိတ်ဆွေ တဦးဖြစ်သူ ဒေါက်တာထွန်းတင့် (မြန်မာ စာ)က ပြောပါတယ်။
 
ဆရာဦးအောင်သောင်း(ခ) စာရေးဆရာ အောင်နိုင်(တက္ကသိုလ်)ကတော့ ဆရာမောင်ခင်မင်(ဓနုဖြူ)မကွယ်လွန်မီ နောက်ဆုံးတက်ရောက်ခဲ့တဲ့ မြန်မာစာအဖွဲ့အစည်းအဝေးမှာ အရင်လို တက်တက်ကြွကြွဆွေးနွေးမှုုတွေမလုပ်နိုင် တော့တာ သတိထားမိတယ်လို့ Mercury Variety ကိုပဲ ပြောပြထားပါတယ်။
အငြိမ်းစား မြန်မာစာ ပါမောက္ခဖြစ်တာချင်းလည်းတူ၊ စာရေးဆရာအဖြစ် ခံယူရပ်တည်တာချင်းတူသလို နောက် ဆုံး အချိန်တွေအထိ မြန်မာစာအဖွဲ့မှာလည်းအတူလက်တွဲ လုပ်ကိုင်နေကြတဲ့တိုင်အောင် ဆရာမောင်ခင်မင် (ဓနုဖြူ)ဟာ လုပ်ဖော်ကိုင်ဖက်၊ညီအကိုလိုချစ်ခင်ရသူသာမက မြန်မာစာနဲ့ပတ်သက်ရင် “ဆရာ”အဖြစ်သတ်မှတ် ရသူလို့လည်း ဆရာဦးအောင်သောင်းကပြောပါသေးတယ်။
 
“မြန်မာစာအတွက် ကျေးဇူးများသလို၊မြန်မာစာအတွက် ထိပ်တန်းကမော်ကွန်းထိုးခံရမယ့် ပုဂ္ဂိုလ်တဦးဖြစ်တယ်” လို့ သူက ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ဂုဏ်ပုဒ်ကိုထုတ်ဖော်ချီးကျူးပါတယ်။
 
မောင်ခင်မင်(ဓနုဖြူ)ဖြစ်လာမယ့် မောင်ခင်အေးဟာ ငယ်စဉ်ကတည်းက ပညာရေးမှာထူးချွန်သူတဦးဖြစ်တာ ကြောင့် အလယ်တန်းနဲ့ တက္ကသိုလ်ပညာသင်ဆုတွေကိုလည်းရရှိခဲ့သူပါ။ အလယ်တန်းကျောင်းသားဘဝ က တည်းက စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေစရေးနေခဲ့တဲ့ သူဟာ ၁၉၅၉ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချိန်မှာတ နိုင်ငံလုံး မြန်မာစာအမှတ်အများဆုံးရခဲ့သူလို့မှတ်တမ်းတွေအရသိရပါတယ်။
 
အဲ့ဒီနောက်ကျောင်းပြီးချိန်မှာတော့ ဇာတိဧရာဝတီတိုင်းထဲက ပုသိမ်ကောလိပ် မြန်မာစာဌာနမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ကာ မြန်မာစာဆရာ ဦးခင်အေးဘဝကို စတင်လျှောက်လှမ်းပါတော့တယ်။
၂၀၀၆ခုနှစ် အငြိမ်းစားယူချိန်မှာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ ဖြစ်တဲ့အထိ တာဝန်ထမ်းဆောင်ခဲ့ ပြီးပါပြီ။တက္ကသိုလ်ဆရာတဦးအဖြစ် ထမ်းဆောင်နေချိန်အတွင်း ၁၉၉၇ခုနှစ်မှာ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံ ခြား ဘာသာသင်တက္ကသိုလ်မှာ မြန်မာစာဧည့်ပါမောက္ခအဖြစ် အဲ့ဒီအချိန်ကပညာရေးဝန်ကြီးဌာနရဲ့ စေလွှတ်မှုအရ နှစ်နှစ်ကြာ ထမ်းဆောင်ခဲ့ပါတယ်။
 
အငြိမ်းစားယူပြီးချိန်မှာတော့ မြန်မာစာနဲ့မြန်မာစကားဆိုင်ရာ သုတေသနစာတမ်းတွေရေးသား၊ပြုစုတာ၊ မြန်မာ စာလုံးပေါင်းသတ်ပုံနဲ့ စကားပြေအရေးအသားဆိုင်ရာ စာအုပ်တွေထုတ်ဝေရေးသား၊ဟောပြောတာစတဲ့ မြန်မာ စာနဲ့မြန်မာစကားဆိုင်ရာ လုပ်ငန်းတွေကို တစိုက်မတ်မတ်ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
 
မြန်မာစာ ရေးထုံးတွေနဲ့ပတ်သက်ပြီး အဓိက မူချမှတ်တဲ့ ပညာရှင်အဖွဲ့အစည်းအဖြစ် ခေတ်အဆက်ဆက် ရှိလာ ခဲ့တဲ့ မြန်မာစာအဖွဲ့နဲ့ သင်ရိုးအဖွဲ့တွေမှာလည်း ကာလရှည်ကြာတာဝန်ယူပါဝင်ခဲ့ပါသေးတယ်။
 
မြန်မာစာကိုထဲထဲဝင်ဝင်လေ့လာလိုသူတွေဆီမှာ ရှိထားသင့်တဲ့စာအုပ်လို့ ညွှန်းဆိုခံရတဲ့ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ၊စာပေသုတေသန ဆိုင်ရာနည်းပေးလမ်းပြမှုတွေပါဝင်တဲ့ ချစ်သူများကိုအဆုံးစီရင်ခြင်း၊ မြန်မာစကား၊မြန်မာစာရုပ်ပုံလွှာတို့လို မြန်မာစာ၊စာပေသုတေသနရေးရာတွေနဲ့ပတ်သက်လို့ ထင်ရှားတဲ့ စာအုပ် တွေကိုလည်းရေးသားခဲ့ပါတယ်။
 
အငြိမ်းစား တက္ကသိုလ်ပါမောက္ခတဦး၊တက္ကသိုလ်ဆရာဘဝကို ဖြတ်သန်းခဲ့သူ၊မြန်မာစာရေးထုံးတွေစည်းစနစ်ကျ စေရေးအာရုံစိုက်အားထုတ်ခဲ့သူပီပီ ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ စာအုပ်ပေါင်း တရာကျော်ထဲ ဆရာ၊ ဆရာမတွေ အတွက် ရည်စူးတဲ့ စာအုပ်၊ စာပေတွေလည်း အများအပြားပါဝင်ခဲ့ပါတယ်။
 
အလားတူ စာပေရေးသားဖန်တီးလိုသူတွေ၊ကဗျာရေးသားလိုသူလူငယ်တွေ စတဲ့ စာပေအနုပညာဖန်တီးလိုသူ တွေအတွက်လည်း ဆရာ့ အကြုံပြုလမ်းပြမှုတွေက အကျိုးများစေခဲ့ပါတယ်။
 
တက္ကသိုလ်က ဆရာ၊ဒေါက်တာဦးခင်အေးရဲ့ တပည့်အဖြစ် နီးနီးကပ်ကပ် သင်ယူဖူးသူတွေသာမက တပည့်မဖြစ်ခဲ့ ဖူးတဲ့တိုင်အောင် သူ့ရဲ့ စာပေ တွေကိုဖတ်ရှုလေ့လာပြီး စာပေဖြတ်သန်းမှုနဲ့ ပညာရေးကဏ္ဍတွေမှာနည်းလမ်းတ ကျ ဖြစ်အောင် သင်ယူခဲ့ရသူတွေလည်း ဒုနဲ့ဒေးပါ။
 
မြန်မာစာပေချစ်သူတွေကြား လူသိများတဲ့ ကဗျာဆရာတဦးဖြစ်သူ ဆရာအောင်ဝေးဟာ ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့တပည့်တဦးဖြစ်ခဲ့ဖူးပါတယ်။ မဟာတန်းတက်နေချိန် တနှစ်လောက် ဆရာနဲ့တွေ့ဆုံသင်ကြားခဲ့ရပြီး နောက်ထပ် နှစ်တွေအကြာမှာတော့ သားဖြစ်သူရဲ့စာပေထုတ်ဝေရေးကနေ ဆရာ့စာအုပ်တွေထုတ်ဖို့ ပြန်ဆုံဆည်းဖြစ်ခဲ့ကြတယ်လို့ သူက DNAကို ပြောပြပါတယ်။
 
ဆရာမောင်ခင်(ဓနုဖြူ)ဟာ “လုံ”သုံးလုံနဲ့ ပြည့်စုံတဲ့ ဆရာတဦးဖြစ်တယ်လို့ ကဗျာဆရာအောင်ဝေးက မှတ်ချက် ပြုပါတယ်။
 
“ဆရာက ပညာလုံတယ်၊သိက္ခာလုံတယ်၊မေတ္တာလုံတယ်၊စာသင်ကောင်းတယ်၊စကားပြေလေ့လာချက်တွေထဲမှာ ဆရာ့လောက် လက်ကုန်နှိုက်ပို့ချ/ရေးသားနိုင်တဲ့သူမရှိပါဘူး”လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် တပည့်တပန်းပေါပေမယ့် မာန်မာနမရှိသူလို့သူသိမြင်ကြုံဆုံခဲ့ရတဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)ကို ပုံဖော်ရင်း အခုလိုလည်း ဆက်ပြောပါသေးတယ်။
 
“ဆရာမင်းသုဝဏ်တို့နောက်ပိုင်း မြန်မာစာပါမောက္ခတွေထဲမှာ စာအဖတ်ဆုံးနဲ့စာအရေးနိုင်ဆုံးပါမောက္ခ လို့ဆို ရမှာပါ”
 
လူကြိုက်များ အောင်မြင်တဲ့ မြန်မာသံစဉ်တေးသီချင်းတချို့ ရေးစပ်ခဲ့ဖူးသလို ငယ်စဉ်ကတည်းက စာနယ်ဇင်း လောကထဲ ရောက်ခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေတုန်းက စကားလုံးပြင်းပြင်း နိုင်ငံ ရေးကဗျာတွေနဲ့ ထင်ရှားခဲ့တဲ့ မောင်မိုးပွင့်(ရေကြည်)ဟာလည်း မောင်ခင်မင်(ဓနုဖြူ)ကို ဆရာအဖြစ် မှတ်ယူသူ တဦးပါ။
 
ဒါပေမယ့် သူကတော့ တက္ကသိုလ်က မြန်မာစာဆရာ ဦးခင်အေးနဲ့ တွေ့ဆုံသင်ကြားခဲ့ရဖူးသူမဟုတ်ပါဘူး။ ငယ် ငယ်ကတည်းက ကဗျာတွေရေး၊စာအုပ်တိုက်တွေကိုပို့လေ့ရှိပေမယ့် အများစုအပယ်ခံနေရတာဟာ ဆရာ မောင်ခင်မင်(ဓနုဖြူ)နဲ့ဆုံဖို့ လမ်းစလို့ သူကပြောပြပါတယ်။
 
သူ့ကဗျာတွေ အပယ်ခံနေရတဲ့ အကြောင်းအရင်းက သတ်ပုံတွေမမှန်လို့ဆိုပြီး စာအုပ်တိုက်တွေက အကြောင်း ပြန်ကြတာကြောင့် ပြင်ဆင်ဖို့ကြိုးစားခဲ့ရတာလို့ ဆိုပါတယ်။
 
“ငါမြန်မာစာကို သေချာလေ့လာရမယ်ဆိုပြီး အရေးအသားနဲ့ပတ်သက်တာတွေကို လိုက်ရှာဖတ်တော့ အဲ့ဒီထဲမှာ ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ စာအုပ်တွေလည်းပါလာတာပေါ့”
 
နောင်တချိန် ဆရာမောင်ခင်မင်(ဓနုဖြူ)နဲ့ မောင်မိုးပွင့်(ရေကြည်) ဧရာဝတီဖွား စာပေနယ်သားတွေ လူကိုယ်တိုင် ဆုံဆည်းကြရချိန်မှာတော့ ပုဂ္ဂိုလ်ရေးအရလည်း နှစ်လိုစရာကောင်းသူဖြစ်တဲ့အကြောင်း ကိုယ်တွေ့သိခွင့်ရတယ် လို့ မောင်မိုးပွင့်(ရေကြည်)က ပြောပါတယ်။
 
“စာလုံးပေါင်းသတ်ပုံမှားတာတွေဟာ ယဉ်ကျေးမှုကိုပါထိခိုက်စေတယ်တဲ့”
 
ငယ်ငယ်က စာလုံးပေါင်း မမှန်လို့ ကဗျာစာမူတွေအပယ်ခံခဲ့ရဖူးတဲ့ မောင်မိုးပွင့်(ရေကြည်)အဖို့ မှတ်မှတ်ရရဖြစ် နေရတဲ့ စကားလက်ဆောင်တချို့။ဆရာမောင်ခင်မင်(ဓနုဖြူ)ရဲ့ တချိန်ကအမှာစကား။
 
“ကျွန်တော့်ကို တန်းတူဆက်ဆံတာဗျ။ စကားပြောတာလည်း သိပ်ညင်သာတာပဲ။ ပြီးတော့ ကျွန်တော်တို့က လူ ငယ်ကိုး၊ဆိုတော့ စာပေဟာ ခင်ဗျားတို့လက်ထက်မှာ ပိုထွန်းကားဖို့လိုတယ်၊စာပေကို ယဉ်ကျေးမှုကို ခင်ဗျားတို့ လူငယ်တွေက ဆက်ထိန်းသိမ်းရမှာမို့ ကျွန်တော်(မောင်ခင်မင်(ဓနုဖြူ)က ပိုတန်ဖိုးထားရတယ်လို့ ပြောတော့ ကျွန် တော်သိပ်အံဩသွားတာ”
 
လက်ရှိ သူထုတ်ဝေဖို့ပြင်ဆင်နေတဲ့ ကဗျာ စာအုပ်တအုပ်မှာ ဆရာမောင်ခင်မင်(ဓနုဖြူ)အမှာစာရေးပေးဖို့ တောင်း ဆိုထားရာမှာ ဆရာကလည်း ရေးပေးဖို့အကြောင်းပြန်ထားပေမယ့် ရုတ်တရက်ကွယ်လွန်သွားခဲ့တာလို့ ကဗျာ ဆရာမောင်မိုးပွင့်(ရေကြည်)ကဖွင့်ဟပါတယ်။
 
တက္ကသိုလ်က မြန်မာစာပါမောက္ခ ဆရာဦးခင်အေးရဲ့တပည့်၊နောက်တော့ မုံရွာစီးပွားရေးတက္ကသိုလ်၊ မြန်မာစာ ကထိက ဆရာတဦးအဖြစ်ကနေ ၂၀၂၁အာဏာသိမ်းမှုကြောင့် CDM လုပ်ခဲ့တဲ့ ဆရာကျော်ဝေဖြိုးကတော့ သူ့ရဲ့ဆရာ ဦးခင်အေးဟာ ပညာရှင်တွေကိုမွေးထုတ်ပေးနေသူလို့ ဖွင့်ဟပါတယ်။
 
“ပညာရှင်တွေဆုံးရှုံးတိုင်း၊ဆုံးရှုံးတိုင်း ကြီးကြီးငယ်ငယ် ဘယ်လိုမှပြန်အစားထိုးမရနိုင်ဘူးပေါ့၊ဆရာကြီးကလည်း ပညာရှင်တွေကိုတောင် မွေးထုတ်ပေးတဲ့သူဆိုတော့ အစားထိုးမရနိုင်ဘူးဆိုတာ ထင်ရှားပါတယ်”လို့သူက ပြောပါ တယ်။
 
ဆရာမောင်ခင်မင်(ဓနုဖြူ)ဟာ မြန်မာစာ၊မြန်မာစကားနဲ့ပတ်သက်လို့ ဆရာတဦးအဖြစ် သင်ကြားပို့ချခဲ့ရုံသာမက သုတေသနပြု လေ့လာတွေ့ရှိချက်တွေကို ဖော်ထုတ်တင်ပြတာ၊အများပြည်သူ လေ့လာနိုင်အောင် စာပေတွေ၊ ဟောပြောမှုတွေကနေ ပြန်လည်ဖြန့်ဝေပေးခဲ့တာ၊ဘာသာစကားနဲ့စာပေဆိုင်ရာ စည်းစနစ်တွေ ခိုင်မာအောင် အားထုတ်တာတွေကိုပါ ဘဝတလျှောက် ဆောင်ရွက်ခဲ့သူလို့ မြန်မာစာပေအသိုင်းအဝိုင်းက တညီတည်းမှတ်ချက် ပြုကြပါတယ်။
 
“စာပေအပေါ်၊ဘာသာအပေါ် ထားရှိတဲ့စေတနာဆိုတာလည်း ကြည့်ပြီးတော့ တိုင်းတာပြီးအကဲဖြတ်လို့ မရပါဘူး၊ အင်မတန်ကိုကြီးမားတဲ့စေတနာနဲ့ကိုလုပ်ဆောင်ခဲ့တာ” လို့ ဆရာ့တပည့်အဖြစ် သင်ယူခွင့်ရခဲ့ချိန်က အခြေအနေ တချို့ကိုပြန်ပြောင်းထောက်ပြရင်း ဆရာကျော်ဝေဖြိုးက ပြောပါတယ်။
 
ဆရာဟာ အသက်အရွယ်အရ မကြာမကြာ လဲကျတဲ့အထိ အမောဖောက်တတ်တဲ့ကြားက စာသင်ချိန်တွေကို မပျက်မကွက် အချိန်မှန်သင်ကြားတတ်သူလို့ သိရပါတယ်။
 
“သူ့ဘဝတလျှောက်လုံးက ဘာမှပကာသနမရှိဘဲ ရိုးရိုးရှင်းရှင်းပဲနေထိုင်သွားတယ်၊သုတေသနတွေ၊သင်ကြားရေး တွေကို အပြည့်အဝလုပ်သွားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရှင်တဦး”လို့ ကိုကျော်ဝေဖြိုးက ဖြည့်စွက်ပြောပါ တယ်။
 
မြန်မာစာ၊မြန်မာစကားအတွက် ဘဝတလျှောက်လုံး အလုပ်လုပ်ရင်း အမျိုးသားစာပေတသက်တာဆု၊ စာပေဗိ မာန်စာပေဆု၊ရန်ကုန်တက္ကသိုလ်ကပေးအပ်တဲ့ စာပေပါရဂူဘွဲ့ စတဲ့ဂုဏ်ပုဒ်တွေကိုရရှိခဲ့သူ …။
စည်းစနစ်မကျ၊ပုံပျက်နေတဲ့ မြန်မာစာ၊မြန်မာစကားတွေ များများစားစားတွေ့ရတတ်တဲ့ လူမှုကွန်ရက်ပေါ်က အသုံးအနှုံးတွေကိုပါ လက်မလွတ်စတမ်း ခေတ်နဲ့အညီ ထောက်ပြပြုပြင်ပေးခဲ့သူ။
 
မျက်မှောက်ခေတ်လူငယ်တွေရဲ့ မြန်မာစာ၊မြန်မာစကား အသုံးအနှုံးအပေါ် “အတိုဆုံးဖြေရင်တော့ဘဝင်မကျဘူး” လို့ တွေ့ဆုံမေးမြန်းခန်းတခုမှာ အပြုံးနဲ့ပဲတိုတိုတုတ်တုတ် ဖြေကြားခဲ့တဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)ဟာ သူ့စာ တွေထဲမှာလည်း အဲ့ဒီအခြေအနေတွေကို မကြာမကြာထည့်ရေး ထောက်ပြခဲ့သူပါ။
ဒါပေမယ့် ဘဝတလျှောက်လုံး မြန်မာစာနဲ့ မြန်မာစကားအတွက် အလုပ်လုပ်ခဲ့သူအဖြစ် အသိအမှတ်ပြုခံရတဲ့ အဲ့ဒီ ဆရာ မကွယ်လွန်မီငါးနှစ်အလိုလောက်တုန်းက အခုလိုဖွင့်ဟညည်းတွားခဲ့တာကတော့ ဝမ်းနည်းစရာပါ။
 
“အမှားအယွင်းတွေကိုစေတနာနဲ့ထောက်ပြပြီးပြင်စေချင်လို့ ရေးတာပါပဲ၊အဲ့ဒါကိုအလေးထားပြီးတော့ပြင်တဲ့သူ လည်းပြင်မှာပေါ့၊သို့သော် မှားမြဲမှားနေတဲ့ကိစ္စတွေရှိနေတော့ကာ စိတ်ထဲမှာတော့သိပ်ဘဝင်မကျဘူး”
 
အဲ့ဒီဘဝင်မကျစိတ်ကပဲ ဆရာ့ကိုနောက်ဆုံးနေ့ရက်တွေအထိ မြန်မာစာ၊မြန်မာစကားအတွက် အလုပ်တွေဆက် လုပ်သွားနိုင်အောင် တွန်းအားပေးခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
 
ဆရာကွယ်လွန်သွားတာဟာ မြန်မာစာ၊မြန်မာစကားအတွက် ခံတပ်တခု ပြိုလဲသွားတာလို့ တင်စားရင် မှားမယ် မထင်ပါ။