
“နွေစပါးတွေ စျေးမရလို့ မရောင်းသေးဘူး။ စျေးကကျနေတုန်း။ စျေးကျ ပေမယ့် အဝယ်ရှိရင် ရောင်းလိုက်ရတော့မယ်။ မြတ်တော့မမြတ်ဘူး။ မမြတ်ပေမယ့် စပါးထပ်စိုက်ဖို့လိုတယ်လေ။ ရှိတဲ့လယ်ထက်ဝက်လောက်ကိုပဲ စိုက်တော့မယ် ဒီနှစ်”
၃၀၊ မေ။
ဧရာ၀တီတိုင်းမှာ အခုရက်ပိုင်းအတွင်း အဝယ်အေးနေတဲ့အတွက် စပါးနဲ့ ဆန်စျေးတွေ အနည်းငယ်ထပ်ကျ လာခဲ့တယ်လို့ ဆန်စပါးကုန်သည်များအသင်းခွဲ(ဧရာ၀တီ)က ထုတ်ပြန်တဲ့ စျေးနှုန်းတွေအရ သိရပါတယ်။
စပါးတင်းတရာမှာ ကျပ်တသိန်းဝန်းကျင်နဲ့ ဆန်တအိတ်မှာ ကျပ်သုံးထောင်ကနေ တသောင်းဝန်းကျင်ထိ စျေးကျသွားခဲ့တာ ဖြစ်ပါတယ်။
“ဒီမေလကုန်မှာ ပိုကျသွားတယ်။ ဒါကတော့ ဒိုင်စျေးပေ့ါ။ အများစျေးပါ။ ဘာလို့ကျလဲဆိုရင် ကျောင်းဖွင့်ရာသီမို့လို့ ။ ကျောင်းဖွင့်ရာသီဆိုရင် နှစ်တိုင်းစျေးကျတယ်။ ကျောင်းဖွင့်တာ၊ ကျောင်းအပ်ကြရတာနဲ့ ရှုပ်နေတော့ အဝယ်ပါး တယ်လို့ ပြောရမှာပေ့ါ” လို့ ဧရာ၀တီဆန်စပါးကုန်သည်များအသင်းခွဲမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အရင်က ဧရာ၀တီပေါ်ဆန်း တအိတ်ကို ကျပ်တသိန်းခြောက်သောင်းဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ တသိန်းခွဲဝန်းကျင်၊ ရွှေသွယ်လေးဆန် တအိတ်ကို ကျပ်တသိန်းသုံးသောင်းကျော် ရှိခဲ့ရာကနေ အခုအခါ တသိန်းသုံးသောင်းဝန်းကျင်၊ ရက် ၉၀ တအိတ်ကို ရှစ်သောင်းခွဲ ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ ခုနှစ်သောင်းခွဲမှ ရှစ်သောင်းဝန်းကျင်ထိ စျေးကျသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စပါးစျေးတွေဟာလည်း အရင်က ဧရာ၀တီပေါ်ဆန်းတင်းတရာကို ကျပ် ၄၆ သိန်း ဝန်းကျင်ရှိခဲ့ရာကနေ အခုအခါ ၄၅ သိန်း၊ ရက် ၉၀ တင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော် ကနေ အခုအခါကျပ်သိန်းနှစ်ဆယ် ဝန်းကျင် စျေးကျသွားခဲ့တယ်လို့ ဆန်စပါးကုန်သည်များ အသင်းခွဲ(ဧရာ၀တီ)ရဲ့ မေလ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ စျေးနှုန်း စာရင်းမှာ ဖော်ပြထားပါတယ်၊၊ အခုလို ဆန်စျေးကျနေတာကြောင့် စပါးတွေဝယ်ပြီး သိုလှောင်ထားသူတွေအဖို့ အရှုံးပေါ်ကြတယ်လို့လည်း ဆန်၊ စပါးကုန်သည်တွေက ပြောကြပါတယ်။
“ပိုက်ဆံချေးငှား၊ ပေါင်နှံပြီးတော့ စပါးလှောင်၊ ဆန်လှောင်ထားတဲ့သူတွေမှာ အရှုံးပေါ်တယ်။ အတိုးနှုန်းနဲ့ တွက်လိုက်ရင် ရှုံးပြီလေ။ ဒီလထဲ တဖြေးဖြေးကျသွားတာ စပါးစျေးရော၊ ဆန်စျေးရော။ ဒီလိုစျေးကျနေရင် လယ်သမားတွေ လယ်ဆက်လုပ်ဖို့ အားပိုလျော့သွားမှာ” လို့ ပုသိမ်မြို့မှ စပါးကုန်သည်တဦးက ပြောပါတယ်။
စပါးအဓိက စိုက်ပျိုး၊ သက်မွေးကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ နွေစပါးပေါ်လာချိန် စပါးတွေ တက်မလာတာကြောင့် လယ်သမားတွေမှာ အရှုံးပေါ်နေကြတာပါ။ အချို့ လယ်သမားတွေ ဆိုရင် စက်သုံးဆီဝယ်မရ၊ စျေးကြီးတာ ၊ ထွက်လာမယ့် စပါးစျေးကျနေတဲ့ အခြေအနေတွေကြောင့် စပါးခင်းတွေကို မရိတ်သိမ်းတော့ပဲ ထားလိုက်ဖို့အထိ စဉ်းစားနေကြတယ်လို့ ပြောပါတယ်။
ဧရာ၀တီတိုင်း အတွင်းမှာ စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲ ဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။
စပါးစျေးကောင်းမရ၊ အရှုံးပေါ်နေသလို စက်သုံးဆီအပါအဝင် လယ်ယာ သွင်းအားစုတွေကလည်း စျေးကြီးနေတော့ အခုနှစ် မိုးရာသီမှာ လယ်လုပ်မယ့် လယ်သမားတွေ နည်းလာနိုင်တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ လယ်သမားတွေက ပြောကြပါတယ်။
ဘိုကလေးမြို့နယ်မှ လယ်သမားတဦးက “နွေစပါးတွေ စျေးမရလို့ မရောင်းသေးဘူး။ စျေးကကျနေတုန်း။ စျေးကျ ပေမယ့် အဝယ်ရှိရင် ရောင်းလိုက်ရတော့မယ်။ မြတ်တော့မမြတ်ဘူး။ မမြတ်ပေမယ့် စပါးထပ်စိုက်ဖို့လိုတယ်လေ။ ရှိတဲ့လယ်ထက်ဝက်လောက်ကိုပဲ စိုက်တော့မယ် ဒီနှစ်” လို့ ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။