
“မြေပြင်က ထိုးစစ်လုပ်မယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရွှေသောင်ယံဘက် ဘောမိဘက်ကနေလည်း တခေါက် စစ်ကြောင်းထိုးပြီးပြီ။ အကျအဆုံးတွေနဲ့ပဲ စစ်တပ်က ပြန်ဆုတ်ရတယ်။ ထပ်ပြီး စစ်ကြောင်းထိုးရင်လည်း ထပ်ခံရဖို့ပဲ ရှိတယ်လို့ မြင်တယ်”
ဇွန် ၁။
ငသိုင်းချောင်း အမတ ၃၄၄ တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ သာပေါင်းမြို့နယ် အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သားတချို့ကို ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
သာပေါင်း – ရွှေသောင်ယံ လမ်းတလျှောက်ရှိ ကျေးရွာတွေဖြစ်တဲ့ သစ်၀မ်းပူ၊ ကျားခေါင်း၊ ကြက်သွန်ကွင်း၊ သောင်းတန်စတဲ့ရွာတွေကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးနေတာပါ။
“ပုသိမ်၊ ကျုံပျော်ကနေ စစ်ကြောင်းတွေတက်နေတာ ကားငါးစီး၊ ခြောက်စီးနဲ့ တက်တယ်။ အဲဒီလို တက်နေတာ သုံးရက်လောက် ဆက်တိုက်ရှိပြီ။ လမ်းတလျှောက်က ရွာတွေကို ဝင်တယ်။ စခန်းချတယ်။ မသင်္ကာရင်ဖမ်းတယ်။ အဲလို တဖြေးဖြေးချင်း စစ်ကြောင်းထိုးနေတာ။ ရခိုင်ဘက် တက်ဖို့ လုပ်တယ်ပြောကြတယ်” လို့ သာပေါင်းဒေသခံ တဦးက ပြောပါတယ်။
အဲဒီကျေးရွာတွေအတွင်းက အရပ်သားလူငယ်အချို့ဟာလည်း အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံထားရတယ်လို့ သိရ ပါတယ်။
စစ်တပ်ဟာ ငသိုင်းချောင်း ၊ မြောက်စမ်းရွာ အနီးမှာရှိတဲ့ အမတ ၃၄၄ တပ်ရင်းကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ကို ရင်ဆိုင်နေရချိန် သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ် တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်ဘက်ဆီ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
“ဂွဘက် စစ်ကြောင်းထိုးဖို့ ကျုံပျော်မှာ တပ်စုနေတယ်ကြားတယ်။ အမတ (၃၄၄) ဘက်မှာလည်း တပ်ကူတွေ ပို့နေ ရတာရှိတယ်” လို့ ငသိုင်းချောင်းမြို့နယ်မှ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်တပ်ဟာ အမတ ၃၄၄ ကနေ ရိုးမတောင်ခြေအတိုင်း ရခိုင်ပြည်နယ်ဘက်ဆီ စစ်ကြောင်းထိုးနေခဲ့တာကို အာရက္ခတပ်တော် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်ပြီး ၃၄၄ အမြောက်တပ်ရဲ့ ကာကင်းတွေကို တခုပြီး တခု ဆက်တိုက်သိမ်းပိုက် လာနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ အမတ ၃၄၄ နဲ့ အနီးဆုံးမှာရှိတဲ့ ကာကင်းစခန်း ခြောက်ခုထက်မနည်းကို သိမ်းပိုက်ထားကာ တပ်ရင်းနဲ့ တမိုင်နီးပါးအကွာမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။
စစ်တပ်ဟာ သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသမှာ ရိုးမပေါ် သစ်ထုတ်လမ်းကနေလည်း စစ်ကြောင်းထိုးနေတဲ့ အတွက် ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။
“မြေပြင်က ထိုးစစ်လုပ်မယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရွှေသောင်ယံဘက် ဘောမိဘက်ကနေလည်း တခေါက် စစ်ကြောင်းထိုးပြီးပြီ။ အကျအဆုံးတွေနဲ့ပဲ စစ်တပ်က ပြန်ဆုတ်ရတယ်။ ထပ်ပြီး စစ်ကြောင်းထိုးရင်လည်း ထပ်ခံရဖို့ပဲ ရှိတယ်လို့ မြင်တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေမှာ သူတို့ လက်လွှတ်ထားရတဲ့ နေရာတွေကို ပြန်လည်ရနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ပဲ တပ်ပြန်ဆုတ်နေကြရတာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က တပ်အရာရှိတွေ အပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် ဧရာဝတီ အခြေစိုက် တခြား တပ်ရင်းတွေဆီကလည်း အင်အားဖြည့် တင်းပေးနေရတယ်လို့လည်း သိရပါတယ်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။