ပြည်သူစစ်တွေ ရှေ့တန်းမှာ ခွဲခြားဆက်ဆံခံရသလို စစ်မှုထမ်းသက်တမ်းပြည့်ပေမယ့် အိမ်ပြန်ခွင့်မရကြ

“ပြည်သူ့စစ်တွေ ရှေ့တန်းမှာ နေထိုင်မကောင်းဘူးဆိုရင် ပါတာစီတမောလောက် ပေးတာ။ ငှက်ဖျားမိတာမျိုးနော်။ ဒါပေမယ့် ပိုက်ဆံပေးရင်တော့ ထိုးပေးတယ် ။ နောက်သလိုလိုနဲ့ ဆေးမှူးက ပြောသေးတယ် ။မင်းတို့ ပစတွေ အတွက်ဆေးမပါဘူး။ သန္ဓေ စစ်သားဝင်ချင်အောင် ဆွယ်တာလည်း ပါတာပေါ့”

၁၊ ဇွန်။

ဧရာ၀တီအတွင်းက အတင်းအဓမ္မဖမ်းဆီး၊ စစ်မှုထမ်းပို့ခံခဲ့ရတဲ့ သူတွေဟာ စစ်မှုထမ်းသက်တမ်း နှစ်နှစ်ပြည့်ခဲ့ပြီဖြစ် ပေမယ့် နေရပ်ပြန်ခွင့်မရကြသလို တပ်တွင်းမှာလည်း ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။

“အိုင်သပြု ၊ လေးမျက်နှာ အနီးဝန်းကျင်ရွာတွေက စစ်မှုထမ်းပါသွားတာ တဆယ်ကျော်ရှိတယ်။ အစောအဆုံး အပတ်စဉ်တွေမှာပဲ ပါသွားတာ။ အဲဒါတွေ တယောက်မှ ပြန်ရောက်တာ မကြားဘူး။ သေသွားတဲ့ သူတွေလည်း ရှိတယ်။ အဲဒါ တပ်က မိသားစုကို အကြောင်းမကြားဘူး။ ကိုယ့်ဟာကိုယ် သတင်းကြား ကြရတာ” လို့  အိုင်သပြု ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရီလမှာ အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုး သမီး ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုထမ်းရမယ့်ကာလမှာ နှစ်နှစ်ထိဖြစ်တယ်လို့ ပါရှိတဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး လက်တွေ့မှာတော့ ဥပဒေအတိုင်း စစ်မှုထမ်းကာလပြည့်ပေမယ့် ပြန်မပို့ဘဲ ထားတာပါ။

စစ်မှုထမ်အပတ်စဉ်(၂)တုန်းကလည်း မြောင်းမြမြို့နယ်က သုံးယောက်၊ ကြံခင်းမြို့နယ်က တယောက်၊ ကျုံပျော် မြို့နယ်က လေးယောက်နဲ့ ဟင်္သာတမြို့နယ်က တယောက်တို့ကိုပဲ အယောင်ပြပြန်လွှတ်ပြီး စစ်မှုထမ်းဥပဒေ အောင်မြင်သလိုမျိုး ဝါဒဖြန့်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ၊ ဧပြီလနဲ့ မေလတို့မှာ ခေါ်ယူခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၁၊ ၂ တို့ဟာ အခုအခါ စစ်မှုထမ်း ကာလ နှစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ပြည်သူတွေ သဘောတူညီမှု မပါဘဲ ပြဌာန်းခဲ့တဲ့ ဥပဒေ အရဆိုရင် အိမ်ပြန်ပို့ပေးရတော့မှာ ဖြစ်ပါတယ်။

အဲဒီလို စစ်မှုထမ်းကာလ ပြည့်သွားပြီ ဖြစ်ပေမယ့် ပြန်မလွှတ်လာသူတွေဟာ ဧရာ၀တီတိုင်း အတွင်းက ဖျာပုံ၊ ကျုံပျော်၊ လေးမျက်နှာ၊ ရေကြည်၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းခေါ်ထားတဲ့ လူငယ်တွေကို  စစ်မှုထမ်းကာလ ပြည့်ပေမယ့် ပြန်မလွှတ်တဲ့အပြင် ရှေ့ တန်းစစ်မှုနှာတွေမှာ သေဆုံးခဲ့ရသူတွေနဲ့ ပက်သက်လို့လည်း မိသားစုဆီ အကြောင်းကြားတာ မရှိဘူးလို့ ပြောကြပါ တယ်။

“ငသိုင်းချောင်းက ကောင်လေးတယောက်ဆိုရင် သေသွားတယ်လို့ သတင်းထွက်တာ ငါးလလောက်ရှိပြီ။ သာပေါင်းဘက် တိုက်ပွဲမှာ သေသွားခဲ့တယ်လို့ ပြောကြတယ်။ အဲဒါ ပုသိမ်ထိ တပ်ကို သွားမေးကြတာ မသေဘူး။ ရှိတယ်လို့ ပြောတယ်တဲ့။ ပြီးရင် မိသားစုနဲ့ တွေ့ခွင့်လည်း ဘာမှမရဘူး ခုထိ” လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူခဲ့တဲ့ စစ်အစိုးရဟာ နိုင်ငံအဝှမ်း တော်လှန်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ကို ခံလာရပြီး နယ်မြေတွေ လက်လွှတ် လာရချိန် ၂၀၂၄ ခု ဖေဖော်ဝါရီလအတွင်းမှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့တာပါ။

တာဝန်ပြီးဆုံးသွားတဲ့ အပတ်စဉ် (၂) နဲ့ (၃) တွေကို ပြန်လွှတ်ဘဲနဲ့ တယောက်၊ နှစ်ယောက်ကိုပဲ ဟန်ပြခေါ်ပြီး ပြန်လွှတ်ပေးနေတဲ့ပုံစံမျိုး လုပ်နေတာလို့ ဟင်္သာတမြို့ကနေ စစ်မှုထမ်း ပါသွားသူ တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။ အပတ်စဉ် ၂ မှာ မြောင်းမြမြို့နယ်က (၃) ယောက်၊ကြံခင်းမြို့နယ်(၁)ယောက်၊ ကျုံပျော်မြို့နယ်(၄)ယောက် ၊ဟင်္သာတမြို့နယ်(၁)ယောက်၊ကိုပဲ အယောင်ပြ ပြန်လွှတ်ပေးပြီး စစ်မှုထမ်းဥပဒေအောင်မြင်သလိုမျိုး ဝါဒဖြန့်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

“ပြည်သူ့စစ်တွေ ရှေ့တန်းမှာ နေထိုင်မကောင်းဘူးဆိုရင် ပါတာစီတမောလောက် ပေးတာ။ ငှက်ဖျားမိတာမျိုးနော်။ ဒါပေမယ့် ပိုက်ဆံပေးရင်တော့ ထိုးပေးတယ် ။ နောက်သလိုလိုနဲ့ ဆေးမှူးက ပြောသေးတယ် ။မင်းတို့ ပစတွေ အတွက်ဆေးမပါဘူး။ သန္ဓေ စစ်သားဝင်ချင်အောင် ဆွယ်တာလည်း ပါတာပေါ့”လို့ ရှေ့တန်းပါသွားသူနဲ့ အဆက်အသွယ်ရတဲ့ မိသားစုဝင်က သူကြားခဲ့ရတာတွေကို တဆင့်ပြန်ပြောပါတယ်။

အဲဒီလို စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့ပြီး အသေခံ တိုက်ခိုင်းတာတွေ ရှိနေတယ်လို့ ကိုယ်တိုင် စစ်မှုထမ်းပါသွားပြီး ထွက်ပြေးလွတ်မြောက် လာခဲ့ကြသူတွေက သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြထား ကြပါတယ်။

အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၂၅ ထိ ရှိသွားခဲ့ပြီဖြစ်ပြီး အပတ်စဉ်တခုမှာ စစ်မှုထမ်းသင်တန်းသား ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းပါသွားခဲ့ရသူ တသိန်းနှစ်သောင်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။

တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် လစဉ် စစ်မှုထမ်းစရိတ် သိန်းဂဏန်း ထိပါ ပေးနေကြရပါသေးတယ်။

အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားကို ပွဲစားတွေ ဆီကတဆင့် ထွက် သွားကြရပြီး လမ်းခုလပ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။