ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပြီးရင်တောင် စင်ကာပူ အစိုးရသစ်မှာ လီရှန်လွန်း ဆက်ရှိနေမယ်လို့ဆို

ဧပြီ ၊ ၁၈

ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ခဲ့ပေမယ့် လီရှန်လွန်းဟာ စင်ကာပူ အစိုးရ အဖွဲ့သစ်ထဲမှာ ဆက်ရှိနေမယ်လို့ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့် လောရင့်စ်ဝေါင်က အတည်ပြုခဲ့ပါတယ်။

 အခုသီတင်းပတ် အစောပိုင်းမှာ လီက သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့ပြီး လက်ရှိ ဒုတိယ ဝန်ကြီးချုပ် ဝေါင်က ရာထူးဆက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် လီဟာ စင်ကာပူရဲ့ တတိယမြောက် ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ် ၂ ခုကြာအောင် တာဝန်ယူခဲ့တဲ့နောက် မေလ ၁၅ ရက်နေ့မှာ နုတ်ထွက်ဖို့ စီစဉ်ထားပါတယ်။

လက်ရှိ အစိုးရရဲ့ ဘဏ္ဍာရေး ဝန်ကြီးလည်းဖြစ်တဲ့ ဝေါင်က သူဦးဆောင်မယ့် အစိုးရသစ်ကို ရက်ပိုင်းလောက်အတွင်း အတည်ပြု ကြေညာသွားမယ်လို့ ပြောပါတယ်။ အဲဒီ အစိုးရ အဖွဲ့ထဲမှာ လီကလည်း အကြီးတန်း ဝန်ကြီးတဦးအဖြစ် ဆက်ရှိနေမယ်လို့ ဝေါင်က Straits Times သတင်းစာကို အသိပေးခဲ့ပါတယ်။

ဝေါင်က အစိုးရသစ်ကို သူ့စိတ်တိုင်းကျ ဖွဲ့စည်းမှာ ဖြစ်ပေမယ့်လည်း အကြီးစား ပြင်ဆင် ပြောင်းလဲမှုတွေကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ရှိမလာနိုင်သေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

 သူ့ရဲ့ လျာထား စီမံကိန်းတွေမှာတော့ စင်ကာပူရဲ့ နေထိုင်မှုစရိတ် ကြီးမားလွန်းနေတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ စိုးရိမ်မှုတွေကို အဓိက ပစ်မှတ်ထား ဖြေရှင်းဖို့ လျာထားတယ်လို့လည်း ဝေါင်က ဆိုပါတယ်။

 အသက် ၅၁ နှစ်အရွယ် ဝေါင်ဟာ 4Gလို့ ခေါ်ဝေါ်တဲ့ စင်ကာပူ စတုတ္ထမျိုးဆက် နိုင်ငံရေး ကဏ္ဍကို ဦးဆောင်မယ့်သူအဖြစ် ထင်ကြေးပေး စောင့်ကြည့် ခံခဲ့ရပါတယ်။ သူဟာ အစိုးရရဲ့ ကိုဗစ် တိုက်ဖျက်ရေး အစီအမံတွေမှာ အဓိက ဦးဆောင်ခဲ့ပြီး အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရဲ့ ကပ်ရောဂါကာလ ဖြတ်သန်းမှုမှာ အသေအပျောက် နည်းပါးအောင် ကြီးကြပ်နိုင်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုမှုတွေ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

 Ref: Straits Times