ထောင်ဒဏ် ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မကြာခင် လွတ်မြောက်ဖွယ်ရှိ

ဖေဖော်ဝါရီ၊ ၁၃

ထောင်ဒဏ် ချမှတ် ခံထားရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ မကြာခင် ပြန်လည် လွတ်မြောက် လာတော့မယ်လို့ တရားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

သက်ဆင် ပြန်လွတ်မယ့်နေ့ဟာ အခုသီတင်းပတ်ကုန်မှာတောင် ဖြစ်နိုင်တယ်လို့ တရားရေး ဝန်ကြီး တာဝီ ဆော့ဒ်ဆွန်က ပြောပါတယ်။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစားမှု စွပ်စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပြီး ပြည်ပမှာ ၁၅ နှစ်ကြာ သွားရောက် ရှောင်တိမ်းနေခဲ့ပါတယ်။

မနှစ်က ဩဂုတ်လမှာတော့ သူဟာ ထိုင်းကို ပြန်ရောက်လာပြီး ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကို ခံယူခဲ့ပေမယ့် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ထောင်ဒဏ် လက်ကျန်ကို ၁ နှစ်ထိ လျှော့ချနိုင်ခဲ့ပါတယ်။ အဲဒီ ပြစ်ဒဏ်ကိုလည်း အကျဉ်းထောင်မှာ ကျခံနေရတာမျိုး မဟုတ်ဘဲ ကျန်းမာရေး အခြေအနေအရ ဆေးရုံတက်ရင်း ကုန်ဆုံးနေခဲ့တာပါ။

အခုတော့ သတ်မှတ် ပြစ်ဒဏ် မစေ့ခင် ပြန်လွှတ်ပေးမယ့် အကျဉ်းသား ၉၃၀ စာရင်းမှာ အသက် ၇၄ နှစ်အရွယ် သက်ဆင်လည်း ပါဝင်လာတော့မယ်လို့ ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။ အဲဒီ ပြန်လွှတ်ပေးမယ့် အကျဉ်းသား အများစုဟာ အသက် ၇၀ အထက် အရွယ်တွေနဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသူတွေ ဖြစ်ကြောင်း၊ သက်ဆင်ဟာလည်း ပြစ်ဒဏ် ၆ လပြည့်ချိန်မှာ ပြန်လွတ်မြောက်မယ့် စာရင်းထဲ အလိုအလျောက် ပါဝင်လာကြောင်း တာဝီက ဆိုပါတယ်။

ထိုင်းမှာ လောလောဆယ် သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီရဲ့ ညွန်ပေါင်းအစိုးရ အာဏာရနေပါတယ်။ အဲဒီ ညွန့်ပေါင်း အစိုးရထဲမှာ ထိုင်းစစ်တပ် ထောက်ခံတဲ့ ပါတီတွေလည်း ပါဝင်တာကြောင့် သက်ဆင်ရဲ့ ပြစ်ဒဏ် လျှော့ပေါ့ရေးကိစ္စ ပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့တာလို့ သုံးသပ်မှုတွေ ရှိနေပေမယ့် ဖျူထိုင်းပါတီက ငြင်းဆိုထားပါတယ်။

သက်ဆင်ကို ပြန်လွှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် လုပ်ထုံးလုပ်နည်းတွေအရ ခြေကျင်းဝတ်မှာ ခြေရာခံ ကိရိယာ တပ်ဆင်ပြီး သွားလာမှု ကန့်သတ်ခံရတာမျိုး နောက်ဆက်တွဲ အခြေအနေတွေတော့ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးလည်းဖြစ်တဲ့ သက်ဆင်ဟာ ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ အမြင်ကွဲပြားမှုတွေ အများဆုံး ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံရေးသမားလို့ သတ်မှတ် ခံရပါတယ်။ သူ့ကို သန်းပေါင်းများစွာသော ကျေးလက်နေ လူတန်းစားတွေက ချစ်ခင် ထောက်ခံပေမယ့် တော်ဝင်မိသားစုကို ကြည်ညိုသူတွေ၊ စစ်တပ်အားပေးသူတွေကတော့ မုန်းတီးကြပါတယ်။ သူဟာ ထိုင်းနိုင်ငံနဲ့ နှစ်ရှည်လများ ကင်းကွာနေတဲ့တိုင် လက်ရှိ အချိန်ထိ နိုင်ငံရေးအရ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တဦး အနေနဲ့ ဆက်လက် ရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။

 

Ref: FMT