ရာထူးက နုတ်ထွက်ဖို့ အစ္စရေးရဲ့ တောင်းဆိုမှုကို ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ အကြီးအကဲ ပယ်ချ

ဖေဖော်ဝါရီ၊ ၁၃

ရာထူးက နုတ်ထွက်သင့်ကြောင်း အစ္စရေးရဲ့ ဝေဖန် တောင်းဆိုမှုကို ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA)ရဲ့ အကြီးအကဲက ပယ်ချသွားခဲ့ပါတယ်။

UNRWAရဲ့ ဝန်ထမ်းတချို့ဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေး မြို့ရွာတွေကို ကျူးကျော် စစ်ပြုခဲ့တုန်းက ကိုယ်ထိလက်ရောက် ပါဝင်ခဲ့သလို ဟားမားစ်တွေ အသုံးပြုတဲ့ မြေအောက်ဥမင် တခုကလည်း ဂါဇာမှာရှိတဲ့ UNRWA ဌာနချုပ်အောက်ကနေ ဖြတ်သန်း ဖောက်လုပ်ထားတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာအပြီး အစ္စရေး အစိုးရ ဝန်ကြီးနှစ်ဦးက ဖိလစ်ပီ လက်ဇာရီနီဟာ UNRWA အကြီးအကဲ ရာထူးကနေ နုတ်ထွက်သင့်ပြီလို့ တောင်းဆိုခဲ့ပါတယ်။

UNRWAဟာ ဂါဇာမှာ ပါလက်စတိုင်း ပြည်သူတွေအတွက် ထောက်ပံ့ရေး လုပ်ငန်းတွေ အဓိက ဦးဆောင်နေတဲ့ အဖွဲ့အစည်းကြီး တခုဖြစ်ပေမယ့် ဝန်ထမ်းတွေက ဟားမားစ်နဲ့ ပေါင်းခဲ့တဲ့ ကိစ္စအပြီး အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတချို့ဆီက ရန်ပုံငွေ အထောက်အပံ့ ဖြတ်တောက်မှုတွေကို ခံထားရပါတယ်။

လက်ဇာရီနီက သူ့ရဲ့ အေဂျင်စီဟာ ဂျူးဆန့်ကျင်ရေး ဝါဒီတွေ ခြယ်လှယ် လွှမ်းမိုးတာ ခံနေရပြီး ဟားမားစ်တွေကို သွယ်ဝိုက် ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်သွားခဲ့ပါတယ်။ ပြီးတော့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အစ္စရေး ကက်ဇ်နဲ့ ပြည်ထဲရေးဝန်ကြီး မိုရှေး အာဘဲလ်တို့က သူ့ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့တာကိုလည်း လက်ဇာရီနီက ပယ်ချခဲ့ပါတယ်။

UNRWAဟာ ဝန်ထမ်းတချို့က ဟားမားစ်တွေနဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် လေးလေးနက်နက် စုံစမ်းစစ်ဆေးပြီး ထိုက်သင့်တဲ့ တုံ့ပြန် ကိုင်တွယ်မှုတွေ ဆောင်ရွက်နေကြောင်း၊ ဒီကိစ္စကို အကြောင်းပြုပြီး ရာထူးက နုတ်ထွက်ပေးဖို့တော့ သူ့ဆီမှာ လုံးလုံးလျားလျား ဆန္ဒမရှိကြောင်း လက်ဇာရီနီက ပြောကြားသွားပါတယ်။

ပြီးတော့ ဟားမားစ်တွေက စစ်ရေးအတွက် အသုံးပြုတဲ့ ဥမင်ကို UNRWA ဌာနချုပ်အောက်မှာ ဖောက်လုပ်ထားခဲ့တယ် ဆိုတာကို သူရော၊ အေဂျင်စီ အကြီးအကဲတွေကပါ လုံးဝ မသိခဲ့ဘူးလို့လည်း လက်ဇာရီနီက ဖြေရှင်းခဲ့ပါတယ်။ နောက်ပြီး အစ္စရေးက ဂါဇာကို စတင်ထိုးစစ်ဆင်ပြီး ရက်အနည်းငယ် အကြာမှာပဲ UNRWAဟာ ဂါဇာကို စွန့်ခွာခဲ့တယ် ဆိုတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခိုင်မာတိကျမှုရှိရှိ စုံစမ်းဖို့ ဆိုတာဟာ ဂါဇာက လက်ရှိလိုမျိုး စစ်ပွဲဇုန် ဖြစ်နေသေးသ၍ ဘယ်လိုမှ လက်တွေ့ မကျဘူးလို့လည်း လက်ဇာရီနီက တုံ့ပြန်သွားခဲ့ပါတယ်။

 

Ref: Euro News