ပြည်တွင်းမှာ သိုလှောင်ထားတဲ့ တိုက်လေယာဉ် အစိတ်အပိုင်းတွေ အစ္စရေးဆီ တင်ပို့ရေး နယ်သာလန် တရားရုံး တားမြစ်

ဖေဖော်ဝါရီ၊ ၁၃

ပြည်တွင်းမှာ သိုမှီးထားတဲ့ တိုက်လေယာဉ် အစိတ်အပိုင်းတွေ အစ္စရေးဆီ တင်ပို့မှုကို နယ်သာလန် တရားရုံး တခုက တားမြစ်လိုက်ပါတယ်။ 

အစ္စရေး စစ်တပ်ဟာ F-35 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ဂါဇာ ကမ်းမြှောင် ဒေသမှာ အရပ်သား ပစ်မှတ်တွေကိုပါ မရှောင်ဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း၊ ဒီအခြေအနေဟာ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်တဲ့ အဓိပ္ပါယ်မျိုး အလွယ်တကူ သက်ရောက်လာနိုင်ပြီး တိုက်လေယာဉ် အပိုပစ္စည်းတွေ ကူညီပေးပို့ခြင်းက နယ်သာလန်ကိုပါ ကြံရာပါ အနေနဲ့ အကျုံးဝင်သွားစေနိုင်ကြောင်း ဟိဂ်မြို့မှာရှိတဲ့ အယူခံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

နယ်သာလန်မှာ အမေရိကန်လုပ် တိုက်လေယာဉ် အစိတ်အပိုင်းတွေကို သိုလှောင် သိမ်းဆည်းထားပေးပြီး အစ္စရေးဆီ တင်ပို့ရမယ့် ကိစ္စကို တားမြစ်ပေးဖို့ ပြည်တွင်း လူ့အခွင့်အရေး ရှေ့နေတွေရဲ့ တောင်းဆိုမှုကို တရားရုံးက အခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အစ္စရေးက ဟားမားစ်တွေကို စစ်ဆင်တိုက်ခိုက်နေတယ် ဆိုပေမယ့် ဂါဇာမှာ လူသားချင်းစာနာမှု စံနှုန်းတွေနဲ့ ဥပဒေတွေကို ချိုးဖောက်သလို ဖြစ်နေတာကို လက်တွေ့ စိုးရိမ်သင့်ကြောင်း၊ ဒါကြောင့် ဒီကိစ္စကို အထောက်အပံ့ ဖြစ်စေနိုင်တဲ့ တိုက်လေယာဉ် အစိတ်အပိုင်း တင်ပို့မှုတွေကို ၇ ရက်အတွင်း ရပ်ဆိုင်းဖို့ အမိန့်ချမှတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ အယူခံရုံးက စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ တိုက်လေယာဉ် အစိတ်အပိုင်းတွေကို အမေရိကန် အစိုးရက ပိုင်ဆိုင်ပြီး နယ်သာလန်က ကုန်လှောင်ရုံကြီး တခုထဲမှာ သိုမှီးသိမ်းဆည်းထားတာပါ။ အစောပိုင်းတုန်းက ဟိဂ်မြို့မှာရှိတဲ့ တရားရုံး တခုက အခုကိစ္စဟာ နိုင်ငံရေးနဲ့ ဆက်နွှယ်နေပြီး တရားစီရင်ရေး ကဏ္ဍက ဝင်မပါသင့်ဘူးလို့ ကနဦး ဆုံးဖြတ်ခဲ့ပေမယ့် အယူခံရုံးထိ တဆင့်တက်လာချိန်မှာ အခုလို စီရင်ချက် အပြောင်းအလဲမျိုး ရှိလာတာ ဖြစ်ပါတယ်။

နယ်သာလန် အစိုးရကတော့ အခုလို တရားရုံးက ကြားဝင် တားမြစ်မှုဟာ ထူးခြားတဲ့ အလှည့်အပြောင်းမျိုး ဘာမှ မရှိနိုင်ဘူးလို့ ဝေဖန်ပြီး အမေရိကန်ဟာ လေယာဉ် အစိတ်အပိုင်းတွေကို မဟာမိတ် အစ္စရေးဆီ ပို့ဆောင်ဖို့ တခြားနည်းလမ်းတွေ ရှာဖွေလိမ့်မယ်လို့ ပြောပါတယ်။

နယ်သာလန် ကုန်သွယ်ရေး ဝန်ကြီး ဂေါ်ဖရေး ဗန်လျူဝမ်ကလည်း အခု ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အမှန်တကယ် စိတ်ပျက်မိတယ်လို့လည်း အတည်ပြုသွားပါတယ်။ နိုင်ငံတွေကြားက ပဋိပက္ခတွေကို ကူညီ ဖြေရှင်းပေးတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကတော့ အစ္စရေးရဲ့ ဂါဇာထိုးစစ်ကို ရပ်တန့်ဖို့ ကြားဝင် ဆုံးဖြတ်တာမျိုး မရှိခဲ့ပေမယ့် ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် အစ္စရေးက အစွမ်းကုန် တာဝန်ယူ၊ တာဝန်ခံရမယ်လို့ စီရင်ချက် ချမှတ်ထားပါတယ်။

 

Ref: CNA