အီရန်ကို သေချာပေါက် လက်တုံ့ပြန်မယ်လို့ အမေရိကန်ကို အစ္စရေး သံအမတ် အသိပေး

ဧပြီ ၊ ၁၈

အစ္စရေးဟာ အီရန်ကို သေချာပေါက် လက်တုံ့ပြန် တိုက်ခိုက်မှာ ဖြစ်တယ်လို့ အစ္စရေး သံအမတ်ကြီးက အမေရိကန် အစိုးရဆီ အတည်ပြု အသိပေးခဲ့ပါတယ်။

 အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက အစ္စရေး အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း ရှိရင်းစွဲ ပဋိပက္ခတွေကို ပိုဆိုးမလာအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သင့်ကြောင်း တိုက်တွန်း တောင်းဆိုထားတာနဲ့ ပတ်သက်လို့ သံအမတ်ကြီး မိုက်ကယ် ဟာဇော့ဂ်က အခုလို တုံ့ပြန်ခဲ့တာပါ။

 ဆီးရီးယားနိုင်ငံ အခြေစိုက် အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြီး အခုသီတင်းပတ် အစောပိုင်းမှာ အီရန်က အစ္စရေးနိုင်ငံအနှံ့ စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ ဒုံးကျည် အစင်း ၃၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

 အစ္စရေး အစိုးရ အဖွဲ့ထဲမှာ အဲဒီကိစ္စကို လက်တုံ့ပြန်ဖို့ အကျေအလည် ဆွေးနွေးနေဆဲ ဖြစ်သလို ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူကလည်း အီရန်ရဲ့ လုပ်ရပ်အပေါ် အလွယ်တကူ မျက်ကွယ်ပြု ခွင့်လွှတ်ပေးလိုက်စရာ အကြောင်းမရှိဘူးလို့ သတိပေးထားပါတယ်။

 အခုတော့ အစ္စရေး သံအမတ်ကြီးကလည်း ဝန်ကြီးချုပ် နေတန်ညာဟုရဲ့ ဆုံးဖြတ်ချက်ကို အဓိက စူပါပါဝါ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဆီ အတည်ပြု အသိပေးလိုက်တာ ဖြစ်ပါတယ်။

 အီရန်ရဲ့ လုပ်ရပ်ကို ပေါ့ပေါ့တန်တန် မျက်ကွယ်ပြုပေးလိုက်စရာ ဘာအကြောင်းမှ မရှိကြောင်း၊ အီရန်ဟာ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် ကျိန်းသေ ဖြေရှင်းပေးရမှာဖြစ်ကြောင်း ဟာဇော့ဂ်က သတိပေးခဲ့ပါတယ်။

 အစ္စရေးဟာ ဒီအခြေအနေအတွက် သေချာပေါက် တုံ့ပြန်ဖို့ လိုအပ်သလို အမှန်တကယ်လည်း တုံ့ပြန်သွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူမဆွေးနွေးချင်သေးကြောင်း ဟာဇော့ဂ်က ဆိုပါတယ်။

နောက်ပြီး သူက အစ္စရေးရဲ့ မဟာမိတ် နိုင်ငံတွေ အနေနဲ့ အီရန်အပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ပြဋ္ဌာန်းပေးစေလိုတယ်လို့လည်း တိုက်တွန်း တောင်းဆိုသွားပါတယ်။ ဒီတကြိမ် ဖြစ်ရပ်မျိုးကို မသိကျိုးကျွန် ပြုပေးလိုက်မယ်ဆိုရင် နောက်ထပ် နှစ်နည်းနည်းလောက် အကြာမှာ အီရန်က ပစ်လွှတ်လိုက်တာတွေဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ ဖြစ်လာနိုင်တယ်လို့ ဟာဇော့ဂ်က သတိပေးသွားပါတယ်။

 အီရန်နဲ့ အစ္စရေးတို့ဟာ ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ခိုင်ခိုင်မာမာ အမြစ်တွယ်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပေမယ့် အစ္စရေးပိုင်နက်ကို အီရန်က ကိုယ်ထိလက်ရောက် ထိပါးတိုက်ခိုက်တာမျိုးကတော့ အခုတကြိမ် ပထမဆုံး ဖြစ်လာခဲ့ပါတယ်။  

 Ref: USA Today