အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှုကြောင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်၊ လူသောင်းဂဏန်းကို ရွှေ့ပြောင်းပေး

ဧပြီ ၊ ၁၈

အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရသလို လူပေါင်း သောင်းဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။

 

ဆူလာဝေဆီကျွန်း မြောက်ပိုင်းမှာရှိတဲ့ ရူအန်မီးတောင်ဟာ ဧပြီ ၁၇ ရက်နေ့က အတော်ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ချော်ပြာတွေကို ပတ်ဝန်းကျင် ဧရိယာတွေဆီ အရှိန်နဲ့ မှုတ်ထုတ်ခဲ့ပါတယ်။ မီးတောင်ရဲ့ သက်ရောက် လှုပ်ရှားမှုကြောင့် မီးတောင် အစိတ်အပိုင်းတွေ ပင်လယ်ထဲ ပြုတ်ကျနိုင်ပြီး ကမ်းရိုးတန်းမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် ရှိလာနိုင်ကြောင်း အင်ဒိုနီးရှား မီးတောင်နဲ့ ငလျင်ဌာနက သတိပေးထားတာ ဖြစ်ပါတယ်။

 

မီးတောင်ဟာ ၂၄ နာရီအတွင်း အနည်းဆုံး ၅ ကြိမ်လောက် ဆင့်ကဲပေါက်ကွဲခဲ့တဲ့နောက် မီးတောင်အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့် ကြေညာထားပြီး လူပေါင်း ၁၁၀၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။

 

လူဦးရေ သန်းပေါင်း ၂၇၀ လောက် မှီတင်းနေထိုင်ရာ ကျွန်းစုနိုင်ငံမှာ သက်ဝင်လှုပ်ရှားနေဆဲ မီးတောင်ပေါင်း ၁၂၀ လောက် ရှိနေပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှားပါ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်နေပြီး ငလျင်လှုပ်ခတ်တာတွေ၊ မီးတောင်ပေါက်ကွဲတာတွေနဲ့ မစိမ်းလှတဲ့နိုင်ငံ ဖြစ်နေပါတယ်။

 

အခုပေါက်ကွဲတဲ့ ရူအန် မီးတောင်တဝိုက်မှာ ကမ္ဘာလှည့် ခရီးသွားတွေ ရှုမျှော်ခင်းကြည့် လည်ပတ်လေ့ရှိပြီး လတ်တလောမှာတော့ ပေ ၂၄၀၀ နီးပါးမြင့်တဲ့ မီးတောင်နား လုံးဝ မချဉ်းကပ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

 

၁၈၇၁ ခုနှစ်တုန်းကလည်း ရူအန်မီးတောင် ပေါက်ကွဲဖူးရာမှာ မီးတောင် အစိတ်အပိုင်းတွေ ပင်လယ်ထဲ ပြုတ်ကျရာက ကမ်းရိုးတန်းကို ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

 

မီးတောင်ပေါက်ကွဲမှုကြောင့် အန္တရာယ် အကြီးဆုံး ဧရိယာအဖြစ် အနားမှာရှိတဲ့ တာဂူလန်ဒန်းကျွန်းကို သတ်မှတ်ထားပြီး ဒေသခံတွေ အနေနဲ့ ဆူလာဝေဆီ ကျွန်းပေါ်က အနီးဆုံးမြို့ မာနာဒိုဆီ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။

 

၂၀၁၈ ခုနှစ်တုန်းက အင်ဒိုနီးရှားမှာ အေနက်ခ် ခရက်ကာတာအူ မီးတောင် ပေါက်ကွဲခဲ့ရာက ဆူမားတြားနဲ့ ဂျာဗားကျွန်း ကမ်းခြေတွေကို ဆူနာမရီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီး လူပေါင်း ၄၃၀ လောက် သေဆုံးခဲ့ဖူးပါတယ်။

 

Ref: Time