လောင်းလုံး ပကဖ ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးမှုအပေါ် ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေ ကန့်ကွက်

ဧပြီ ၊ ၁၈

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာက ရွာခံ အမျိုးသားတဦး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) လက်ချက်နဲ့ သေဆုံးခဲ့တဲ့အပေါ် ဒေသခံတွေနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားကြပါတယ်။ 

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) အပါအဝင် သပိတ်အဖွဲ့ သုံးဖွဲ့၊ အမျိုးသမီးအင်အားစုတခုနဲ့ LGBT အင်အားစုတခု၊ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထောက်ပို့အဖွဲ့ လေးဖွဲ့၊ ပညာရေးအဖွဲ့အစည်းတဖွဲ့၊ ပြည်ပရောက်လူငယ်အဖွဲ့ တဖွဲ့နဲ့ ပြင်းထိန်ရွာခံ လူငယ်အဖွဲ့တို့က ဧပြီလ ၁၅ ရက်မှာ ပူးတွဲထုတ်ပြန်ထားကြတာပါ။ 

သံသယနဲ့ တဖက်သတ်စွပ်စွဲခံရတဲ့ အရပ်သားတဦးကို လောင်းလုံး ပကဖ က အင်အားသုံး ပစ်ခတ်သတ်ဖြတ်တာဟာ တရားဥပဒေမဲ့ လုပ်ရပ်ဖြစ်ပြီး NUG က ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်လို့ ပူးတွဲကြေညာချက်မှာ ထည့်သွင်း ဝေဖန်ထားပါတယ်။ 

သေဆုံးသူကတော့ အသက် ၅၃ နှစ်အရွယ် ပြင်းထိန်ရွာခံ ဦးကြည်လေး ဆိုသူဖြစ်ပြီး အခုလ ၁၂ ရက်နေ့မှာ လောင်းလုံး ပကဖ တပ်ဖွဲ့ဝင်တချို့က သွားရောက်ဖမ်းဆီးတဲ့အချိန် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာကနေ သေနတ်ထိမှန် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ 

“ ကျွန်တော်တို့ သတ်ဖို့ သွားတာမဟုတ်ပါဘူး၊ ဖမ်းပြီး အချုပ်ချထားဖို့ သွားဖမ်းတာပါ၊ ထွက် ပြေးတော့ ခြောက်ပစ် ပစ်ရင်းကနေ မတော်တဆ ထိသွားတာပါ” လို့ လောင်းလုံး ပကဖ ပြန်ကြာရေးတာဝန်ခံက DNA ကို ပြောပါတယ်။ 

လောင်းလုံး ပကဖ ကတော့ ဦးကြည်လေးဟာ လောင်းလုံးမြို့မ ရဲစခန်း စခန်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့အပြင် စစ်ကောင်စီ သတင်းပေးလုပ်လို့ ရွာကနေထွက်သွားဖို့ သတိပေးတာကို မလိုက်နာလို့ သွားရောက်ဖမ်းဆီးတာလို့ ထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် ပြင်းထိန်ရွာခံတချို့ကတော့ ဦးကြည်လေးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာ မှန်ပေမယ့် စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ငြင်းဆိုကြပါတယ်။

“ရဲစခန်းရော၊ စရဖ ရုံးကိုရော အဝင်အထွက်ရှိတယ်၊ စရဖတွေနဲ့လည်းအရက်ထိုင်သောက်တာတွေရှိတယ်၊ အဲလိုနေလာတာက အခုမှမဟုတ်ဘူး၊ အာဏာမသိမ်းခင်ကတည်းက၊ ဒါပေမယ့် ရွာမှာ သူကြောင့် ဘယ်သူမှ ဒုက္ခမရောက်ဖူးဘူး၊ စစ်တပ်ရွာထဲဝင်လာရင် ရွာခံတွေကို ဒုက္ခ မဖြစ်အောင် သူပဲ ပြောပေးတာတွေရှိတယ်” လို့ ပြင်းထိန်ရွာခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် ဦးကြည်လေးဟာ ထွက်ပြေးလို့ ခြောက်လှန့်ပစ်ခတ်တာမဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခံခဲ့ရတာဖြစ်နိုင်တယ်လို့လည်း ပြင်းထိန်ရွာခံတွေက ယူဆကြပါတယ်။ 

“ခြောက်ပစ် ပစ်ရင် လုံးဝမထိနိုင်ဘူး၊ သူပြေးတဲ့နေရာက သစ်ပင်တွေနဲ့ လုံးဝပစ်ကွင်းမရှင်းဘူး၊ ထွက်ပြေးလာတာကို ဆီး(ကြို)ပြီး ပစ်သတ်လိုက်တဲ့ အနေအထား” လို့လည်း အထက်ပါ ပြင်းထိန်ရွာခံက ပြောပါတယ်။ 

ဦးကြည်လေးကတော့ ဦးခေါင်းမှာ သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ သူ့ရဲ့ သားဖြစ်သူက တွေ့ရှိခဲ့တာပါ။ 

လောင်းလုံး ပကဖ တပ်ဖွဲ့ဝင်တွေဟာ အဖေဖြစ်သူကို လာရှာတဲ့ ဦးကြည်လေးရဲ့ သားဖြစ်သူကိုလည်း သေနတ်ဒင်နဲ့ ဦးခေါင်းကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသေးတယ်လို့ဒေသခံတွေက

 ဆိုပါတယ်။ 

ဦးကြည်လေးကို စစ်ကောင်စီသတင်းပေး လုပ် လို့ဆိုကာ ရွာကနေ ၂၄ နာရီအတွင်း ထွက်သွားဖို့ ဧပြီလ ၈ ရက်နေ့မှာတော့ လောင်းလုံး ပကဖ က အိမ်တိုင်ရာရောက် သတိပေးစာ လာပေးခဲ့တာပါ။ 

အဲလို သတိပေးစာပေးခံရပြီးနောက်မှာတော့ ကာယကံရှင် ဦးကြည်လေးနဲ့ ပကဖ၊ ပအဖ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။ 

“ပကဖ ဒုတာဝန်ခံ၊ ပအဖ မြေပြင်တာဝန်ခံတွေနဲ့ ကျနော်တို့ စကားပြောထားပြီးပြီ၊ ဦးကြည်လေးရယ်၊ ရွာကလူတွေနဲ့ တွေ့ပြီး စကားပြောကြဖို့၊ ဦးကြည်လေးနဲ့ ပတ်သက်ပြီး ကျနော်ရော ရွာကလူကြီးတွေရော တာဝန်ခံနိုင်တယ်၊ စစ်ဆေးချင်ရင် ကျနော့ကိုဖုန်းဆက်၊ ကျနော်ခေါ်ပေးမယ်လို့ ပြောထားပြီးသား၊ အဲဒါကို အခုလို လုပ်သွားတယ်” လို့ ပြင်းထိန်ရွာခံလည်းဖြစ် DDMSC ကော်မတီဝင်လည်းဖြစ်တဲ့ ကိုမင်းလွင်ဦးက ပြောပါတယ်။ 

ပြင်းထိန်ကျေးရွာဟာ စစ်ကောင်စီတပ် အခြေစိုက်ရာ လောင်းလုံးမြို့နဲ့ ကပ်လျက်ရှိပြီး တခြားအနီးအနားကျေးရွာတွေမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာခံတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိခဲ့ဖူးပေမယ့် ပြင်းထိန်ကျေးရွာမှာတော့ အဲလိုဖြစ်စဥ်မျိုး မရှိခဲ့ဖူးပါဘူး။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လထဲမှာတော့ သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးရဲ့ အဖေဖြစ်သူကို ပြင်းထိန်ရွာရှိ နေအိမ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာရှိခဲ့ဖူးပေမယ့် အဲလိုဖမ်းဆီးတာဟာ စစ်ကောင်စီသတင်းပေးတွေရဲ့ သတင်းပေးမှုတွေကြောင့်မဟုတ်ဘဲ သူ့ကို ဖမ်းမမိလို့ အဖေဖြစ်သူကို ဖမ်းတာလို့လည်း ကာယကံရှင် ကိုမင်းလွင်ဦးက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ လောင်းလုံး ပကဖ က သုံးနှစ်ကျော်အတွင်း လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခဲ့သူ နှစ်ဆယ်ထက်မနည်းရှိပါတယ်။ 

အဲလို သတ်ဖြတ်မှုတွေကြောင့်လည်း ပကဖ တာဝန်ခံနဲ့ ဒုတာဝန်ခံတို့ကို တာဝန်မှ ရပ်နားကာ NUG က စစ်ဆေးနေပြီး တာဝန်ခံနဲ့ ဒုတာဝန်ခံ နေရာတွေကိုလည်း  လူအစားထိုး ခန့်အပ်ထားတယ်လို့ သိရပါတယ်။ 

Photo – လောင်းလုံးပကဖ တပ်ဖွဲ့ဝင်တချို့