ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ခိုင်း၊ MSF ရုံးနဲ့ အိမ်နှစ်ရာကျော် မီးလောင်ပျက်စီး

ဧပြီ ၊ ၁၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးခိုင်းနေပြီး နယ်စည်းမခြားဆရာဝန်များအသင်း(MSF)ရုံးအပါအဝင် အိမ်နှစ်ရာကျော် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။

“စစ်ကောင်စီကိုယ်တိုင် မူဆလင်တွေကို မီးရှို့ခိုင်းနေတာ၊ မီးရှို့ဖို့ ဓါတ်ဆီတွေလည်း စစ်တပ်က ထုတ်ပေးနေတယ်၊ အခု အိမ်တော်တော်များများပါသွားပြီ၊ တမြို့လုံး မီးလောင်နေတယ်”လို့ ဘူးသီးတောင်ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅)မှ အရာရှိတွေကိုယ်တိုင် ဦးဆောင်ပါဝင်နေတာဖြစ်ပြီး ဧပြီလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ နှစ်ရက်တိုင် မီးရှို့ခဲ့ကြကာ ထပ်ပြီး မီးရှို့ဖို့လည်းစေခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမီးရှို့မှုကြောင့် MSF ရုံးခန်း၊ ဆေးပေးခန်းတို့ ပျက်စီးသွားခဲ့ပြီး ဆေးပစ္စည်းနဲ့ ရုံးသုံးပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ MSF က ထုတ်ပြန်ထားပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ဆေးဝါးတွေထဲ ပဋိဇီ၀ဆေးလို အသက်ကယ်ဆေးတွေ၊ နမိုးနီးယားရောဂါကုသဆေးတွေနဲ့ ကာကွယ်ဆေးတွေ ပါဝင်ပြီး အသက်ငါးနှစ်အောက် ကလေးတွေကို အဓိက ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့ပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာချိန် အဲဒီလို MSF ရုံးဖျက်ဆီးခံရတာဖြစ်ပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အဲဒီမီးရှို့မှုဟာ ဘယ်အဖွဲ့၊ ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ 

စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေကတော့ ဘူးသီးတောင်မြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ မြို့ပေါ်ကို စစ်ကောင်စီတပ်ကပဲ ထိန်းချုပ်ထားဆဲဖြစ်တာမလို့အဲဒီမီးရှို့မှုတွေဟာ စစ်ကောင်စီရဲ့ လက်ချက်သာဖြစ်တယ်လို့ ပြောဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စေခိုင်းမီးရှို့မှုကြောင့် MSF ရုံးအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေရဲ့ နေအိမ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းတို့လည်း ပျက်စီးလောင်ကျွမ်းခဲ့ရတယ်လို့ ဦးအောင်သောင်းရွှေက ပြောထားပါတယ်။

“လူတွေကိုလည်း ထွက်ခွင့်မပေးဘဲ ပိတ်ထားတယ်၊ ဖမ်းထားတယ်ကြားတယ်၊ ကျွန်တော်တို့အိမ်လည်း မီးထဲပါသွားပြီ”လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံရခိုင်အများစုဟာ မြို့နယ်တွင်း တိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းက မြို့ကို စွန့်ခွာ၊ တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး ဟိန္ဒူဘာ၀င်တွေနဲ့ ကျန်ဒေသခံတွေကတော့ မြို့မှာ ကျန်နေသေးတယ်လို့ ဘူးသီးတောင်ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာတွေဟာ ဘူးသီးတောင်မြို့ပေါ်ရှိ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့(WFP)ရဲ့ ရိက္ခာပစ္စည်းသိုလှောင်ရုံနဲ့ နေအိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူတာတွေ လုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ ရခိုင်၊ ရိုဟင်ဂျာနဲ့ ဟိန္ဒူဘာသာဝင်တွေ နေထိုင်ကြတဲ့ ဘူးသီးတောင်မြို့ပေါ်မှာ AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ဦးစီးလုပ်ဆောင်နေပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခိုင်းနေတာဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်လာအောင် ဖန်တီးနေတာလို့ ထောက်ပြကြပါတယ်။

“စကစက ပိုက်ဆံပေးပြီး ခိုင်းတယ်၊ မူဆလင်တွေကလည်း မြောက်ပေးရင် လိုက်လုပ်ကြတယ်၊ ကျွန်တော်တို့ မူဆလင်တွေ အကုန်လုံးရဲ့သဘောထားမဟုတ်ပါဘူး၊ ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ချင်တာ”လို့ ဘူးသီးတောင်မြို့နယ်မှ ဒေသခံရိုဟင်ဂျာလူကြီးတဦးက ပြီးခဲ့တဲ့ မတ်လအတွင်းက DNA ကို ပြောထားပါတယ်။

အာရက္ခတပ်တော်(AA)ပြောခွင့်ရခိုင်သုခကလည်း မူဆလင်စီးပွားရေးသမားတချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် စစ်ကောင်စီဖက်က ရပ်တည်ကာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေ့ရတယ်လို့ ပြောဆိုပါတယ်။

“မူဆလင်အားလုံး စစ်ကောင်စီနှင့် ပူးပေါင်းတာတော့ မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ မူဆလင်ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကို ပြောပြီးတော့ သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်”လို့ ခိုင်သုခက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဘူးသီးတောင်မြို့ပေါ်မှာ နေအိမ်တွေကို မီးရှို့ခိုင်းနေသလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA ၊  ARA တို့ကိုလည်း စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပြီး မြို့တွင်းနဲ့ ရွာတချို့မှာ တပ်ဖြန့်ချကာ ရခိုင်မုန်တီးရေးညာသံပေးအော်ခိုင်းတာတွေလည်း ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် အဲဒီရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ ပါဝင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ AA က ပြောပါတယ်။

“ဒါဟာ အထူးအန္တရယ်များတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက်၊ စစ်ရေးမသမာမှုတွေနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကို ပုံစံအမျိုးမျိုးနှင့် ဖန်တီးပြီးတော့ ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ခိုင်သုခက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲတွေမစခင် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်တာတွေ လုပ်နေခဲ့တာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ မျက်မြင်ဒေသခံတွေက DNA ကို ပြောထားကြပါတယ်။

အခု ရခိုင်ဒေတိုက်ပွဲတွေဖြစ်လာချိန်မှာလည်း ရိုဟင်ဂျာလူငယ်တွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ကာ AA နဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ ရှေ့တန်းပို့တာတွေ ဆက်လုပ်လာတာပါ။

“ရိုဟင်ဂျာတွေ တိုက်ပွဲတွေမှာ အများကြီးသေသွားပြီ၊ AA ကိုလည်း ဆန္ဒပြခိုင်းတယ်၊ မပြမနေရ ခြိမ်းခြောက်တယ်၊ သေချာစဉ်းစားကြည့်ရင် တကျော့ပြန်ပဋိပက္ခတွေဖြစ်အောင် လုပ်နေတာလို့ပဲ မြင်လာတယ်၊ အဲလိုမဖြစ်အောင် လူကြီးတွေ ထိန်းပေးဖို့လိုတယ်”လို့ စစ်တွေမြို့နယ်မှ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။

ချင်းပြည်နယ်ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ရှစ်ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်နေပါတယ်။

စစ်ကောင်စီရဲ့ စကခ(၁၅)အခြေစိုက်ပြီး တပ်ရင်းတဆယ်ကျော်ရှိတဲ့ ဘူးသီးတောင်မြို့နယ်မှာ တပ်ရင်းနဌာနချုပ် နှစ်ခုနဲ့ တပ်စခန်းအချို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

Photo – One Nations News