စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးသုံးဦးသေ၊ ကလေးအပါအဝင် ခုနှစ်ဦးဒဏ်ရာရ

ဇန်နဝါရီ၊ ၂၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၉ ရက်၊ မနက် ၁၁ နာရီကျော်က စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးသုံးဦးသေဆုံးကာ ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

” ပစ်တာတော့ သုံးလုံးလောက်ရှိမယ်။သူတို့က ရွာထဲကိုပဲ ဦးတည်ပြီး ပစ်တော့ ရွာသားတွေထိတာပေါ့။ အခုလည်း သူတို့(စစ်ကောင်စီတပ်) ပစ်လို့ အိမ်ပေါ်ကျတာ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ဇီးဝန်းအခြေစိုက်အမြောက်တပ်မှ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာဘက်ကို လက်နက်ကြီး နှစ်လုံးရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

အဲဒီလက်နက်ကြီးကျည်ဟာ  နေအိမ်နှစ်လုံးအပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ တက်တူကုန်းကျေးရွာမှ အသက် ၄၉ နှစ်အရွယ် နော်မူ(ခေါ်)ဒေါ်ယဉ်ယဉ်ဌေး၊ အသက် ၂၂ နှစ်အရွယ် မစန္ဒာနဲ့ ကြက်ခြေခတ်ကျေးရွာမှ နော်ကော်မူလာတို့ ခန္ဓာကိုယ်အနှံ့မှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အသက် နှစ်နှစ်အရွယ် မောင်ရဲရင့်အောင်၊ ဒေါ်တောသား၊ ဒေါ်ခင်သန်း၊ မဝါဝါသင်း၊ ဒေါ်ခင်ဝင်းလှိုင်တို့အပါအဝင် အရပ်သား ခုနှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာများတာက လေးဦးလောက်ရှိတယ်။ ကျန်တာက နည်းနည်းပါးပါးပွန်းပဲ့တာလောက်ပဲ။ အခုတော့ ဆေးကုသမှု ခံယူနေရတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KLNA ၊ PDF ပူးပေါင်းအဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဘီးလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးကတော့ လက်နက်ကြီးပစ်ခတ်ခံရတဲ့ ကျေးရွာက ကေအဲန်ယူ တပ်မဟာ ၁ (သထုံခရိုင်)ထိန်းချုပ်နယ်မြေထဲက ကျေးရွာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ရှိမယ်အထင်နဲ့ စစ်ကောင်စီအမြောက်တပ်က ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

” ရွာသားတွေပဲ ရှိတာကို သိသိကြီးနဲ့ ပစ်တာပါ။ ဒီလိုပဲ ပစ်နေကြလေ။ ရွာမှာ တော်လှန်ရေးအင်အားစုတွေလည်း မရှိနေဘူး။ပြည်သူတွေကို ခြောက်လှန့်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာ” လို့ အဲဒီ PDF ရဲဘော်က ပြောပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ သထုံခရိုင်ထိန်းချုပ်နယ်မြေအစပ်နား ကျေးရွာတွေဘက်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ အခြေချတပ်စွဲထားပြီး တော်လှန်ရေးအင်အားစုတွေကလည်း အဲဒီတပ်စွဲထားတဲ့နေရာတွေဘက်ကို မကြာမကြာ သွားရောက်တိုက်ခိုက်လေ့ရှိနေတာပါ။

အခုလို မကြာမကြာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အခြေစိုက်တပ်ရင်း၊တပ်စခန်းတွေကနေ ကေအဲန်ယူထိန်းချုပ်နယ်မြေဘက်က ကျေးရွာတွေဘက်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

သထုံမြို့နယ် ကော့လှိုင်းရွာလေးနဲ့ ကုလားကုန်းရွာအကြားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်၊မနက် ၁၁ နာရီခန့်က အမှတ်(၉)ခြေမြန်တပ်ရင်းမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဈေးဝယ်ပြန်လာတဲ့ ကော့လှိုင်းကျေးရွာနေ အမျိုးသားတဦးနဲ့ ဇနီးဖြစ်သူ နော်ကူးကူးတို့ လက်နက်ကြီးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုးလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူတပ်မဟာ ၁ နယ်မြေမှာ စစ်ရှောင်နေရတဲ့ အရပ်သားသောင်းချီရှိနေပြီး သူတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဖွဲ့ထံမှ သိရပါတယ်။