အုတ်ဖိုမှာ ပုဒ်မ ၁၄၄အရဆိုပြီး ကျေးရွာ ၁၇ ရွာက ဒေသခံတွေကို စစ်တပ်က အဓမ္မဖယ်ရှား

ဇန်နဝါရီ၊ ၂၀

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမထဲမှာရှိတဲ့ ရွာ ၁ရရွာကို ပုဒ်မ၁၄၄အရဆိုပြီး ဖယ်ပေးဖို့ စစ်ကောင်စီတပ်သားတွေကပြောဆိုခဲ့တာကြောင့် နေအိမ်တွေကိုစွန့်ခွာပေးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၈ရက်၊မနက်ပိုင်းမှာပဲ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမ၊ ရွှေကြားအင်း စတဲ့ရွာပေါင်းရရွာကို သူတို့ကိုယ်တိုင် လာရောက်ပြောဆိုခဲ့ပေမယ့် ကျန်တဲ့၁ဝရွာကို စာပို့ပြီးအကြောင်းကြားခဲ့တာ လို့သိရပါတယ်။

ဒေသခံတွေကို အဲ့ဒီမနက်ပိုင်းမှာပဲ ချက်ချင်းဖယ်ပေးဖို့ပြောခဲ့ပေမယ့်လည်း အဆင်မပြေတာကြောင့် အဲ့ဒီ့နေ့ ညပိုင်းမှာနေအိမ်တွေကို စွန့်ခွာခဲ့ပြီး ဒေသခံတချို့က ရိုးမတောထဲကိုပြောင်းရွှေ့ခဲ့ကြသလို တချို့ဒေသခံတွေကတော့ တခြားမြို့တွေဆီထွက်ခွာသွားခဲ့ကြတယ်လို့ဆိုပါတယ်။

“တမနက်ထဲနဲ့တော့ ဘယ်လိုမှမမီဘူး။ အဲ့နေ့ကညပိုင်းမှာပဲ ချက်ချင်းပြောင်းပေးရတာ’’  ”လို့ အုတ်ဖိုဒေသခံတဦးကပြောပါတယ်။

‘’စစ်ေ-ွးတွေကလည်း တွေ့တာနဲ့တွေ့တဲ့နေရာမှာသတ်ပစ်မယ်လို့လည်းပြောတော့လေ’’ လို့ဖြည့်စွက်ပြောပါတယ်။

ဒေသခံအရေအတွက်ဘယ်လောက်ရှိတယ်၊ အိမ်ခြေဘယ်လောက်ဆိုတာတော့ မသိရသေးပါဘူး။

 အဲ့ဒီဒေသခံတွေဟာ တောင်ယာအဓိကလုပ်ကိုင်ကြတာဖြစ်ပြီး၊ ဆင်စခန်းတွေရှိတာကြောင့် သစ်လုပ်ငန်းအနည်းငယ်လုပ်ကိုင်ကြပေမယ့် စစ်ကောင်စီတပ်သားတွေက အဲ့ဒီဒေသခံတွေကို တော်လှန်ရေးတပ်တွေကို ထောက်ပံ့တယ်လို သံသယရှိနေတာကြောင့် အခုလို နေအိမ်တွေဖယ်ခိုင်းကြတာဖြစ်မယ်လို့ ရွာခံတွေက ဆိုပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၁၄၄အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို အနှောက်ယှက်ဖြစ်စေတဲ့အစုအဝေး၊ ဥပဒေနဲ့ဆန့်ကျင်တဲ့အစုဝေး၊ ရုန်းရင်းဆန်ခတ်မှု၊ သတ်ပုတ်နှောက်ယှက်မှု၊ အများပြည်သူရဲ့့အသက်အိုးအိမ်နဲ့လုံခြုံမှု၊ ဥပဒေနဲ့အညီနေထိုင်လုပ်ကိုင်သူကို ပတ်ပင်မှု၊ စိတ်ငြိုစေမှု(သို့)နစ်နာမှုလို့ ပြဌာန်းထားတဲ့ ဥပဒေကို အကြောင်းပြုပြီး အခုလို ‌ဒေသခံတွေရဲ့နေအိမ်တွေ စွန့်ခွာခိုင်းခဲ့တာပါ။

အုတ်ဖိုမြို့ ၊ဝိုင်းရဲစခန်းမှာ မနေ့က ဇန်နဝါရီ ၁၉ရက်မနက်မှာပဲ လောင်ဆာဆီပါ ကားနှစ်စီးအပြင် စစ်ကောင်စီတပ်သား တရာငါ့းဆယ်ဝန်းကျင်ပါရောက်နေတာကြောင့် နေအိမ်တွေကို မီးရှို့ခံရမှာလည်းစိုးရိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ကစိုးရိမ်နေတာ လေယာဉ်နဲ့ဗုံးကြဲမှာ၊ သူတို့တွေပဲလာပစ်မလားဆိုတာကို၊ အဓိကကတော့ PDFတွေကိုမနိုင်လို့ အခုလိုလုပ်နေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

Photo- CJ