ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကို ၁၅ ရက်ကြာတိုက်ခိုက်ပြီး KIA သိမ်းပိုက်

ဇန်နဝါရီ၊ ၂၀

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေပေါတဲ့ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတခုကို တော်လှန်ရေးအင်အားစုတွေက ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ဒေသခံတွေထံက သိရပါတယ်။

“ စစ်ကောင်စီရဲ့ ၄၀၂ တပ်စခန်းကို ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ မနက်ကတော့ စခန်းကိုမီးရှို့လိုက်တာလား ၊လက်နက်ကြီးကြောင့်လားတော့ မသိဘူး မီးလောင်နေတာတွေ့တယ်။ အခုလည်း တိုက်ပွဲကတော့ ဖြစ်နေတယ်ပါပဲ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကပြောပါတယ်။

ဖားကန့်မြို့ရဲ့ အနောက်တောင်ဖက် ၁၃ မိုင်ခန့်အကွာမှာရှိတဲ့ ဝှေခါကျေးရွာရှိ အဲဒီစခန်းကိုုပူးပေါင်းအဖွဲ့က ဒီလ ၆ ရက်ကတည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့မနက် ၇ နာရီလောက် ၁၅ ရက်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIAသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA သတင်းဌာနကို အတည်ပြုပြောဆိုထားပါတယ်။

အဲဒီတပ်စခန်းမှာ စစ်ကောင်စီက အင်အား တရာလောက်နဲ့ တပ်စွဲထားလေ့ရှိသလို ဝှေခါမှော်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တွေကို ထိန်းချူပ်ထားတဲ့ တပ်စခန်းဖြစ်လို့တိုက်ခိုက်သိမ်းပိုက်တာ ဖြစ်တယ်လို့ဆိုထားပါသေးတယ်။

တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ချိန်မှာ စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကို စွန့်ခွာထွက်ပြေးသွားသူတွေလည်း ရှိသလို ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ အထက်ပါ ဒေသခံကဆက်လက်ပြောပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို သုံ့ပန်းအနေနဲ့ အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိသလို စခန်းအတွင်းမှာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိတာရှိတယ်လို့ ဒေသခံတွေက ဆိုကြပေမယ့် DNA ကသီးခြားအတည်ပြုလိုတော့မရသေးပါဘူး။

တိုက်ပွဲမှာနှစ်ဘက်အထိအခိုုက်အကျအဆုံးစာရင်းကို မသိရသေးပါဘူး။

အဲဒီလိုစတင်တိုက်ခိုက်တဲ့ နေ့မှာတင် စစ်ကောင်စီရဲ့ ဝှေခါရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ခြေလျင်တပ်ရင်း ၄၀၂ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် နေရော ညပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဖားကန့်မြို့ရှိ စစ်တပ်ဗျူဟာကုန်းကလည်း အဲဒီဒေသကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူပေးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဝှေခါကျေးရွာရှိ ဒေသခံ ထောင်ကျော်လောက်ဟာ ဒီလ အစောပိုင်းလောက်ကစတင်ပြီး အနီးအနားမှာရှိတဲ့ ဆိုင်းတောင်၊ တာမခန် စတဲ့ကျေးရွာတွေဖက်ကို စစ်ဘေးရှောင်ခဲ့ရသလို ဖားကန့်မြို့ပေါ်ကိုလည်း ပြောင်းရွှေ့နေထိုင်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။