MDF ဖမ်းဆီးထားတဲ့ CDF Mara တပ်ဖွဲ့ဝင် ငါးဦးအထိရှိလာ

ဇန်နဝါရီ ၊ ၂၀

စစ်အာဏာရှင်ကို တော်လှန်တိုုက်ခိုက်ဖို့ ချင်းပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)က ဖမ်းဆီးထားတဲ့ ချင်းလဲန့်ကာကွယ်ရေးတပ်ဖွဲ့-မရာ(CDF Mara) တပ်ဖွဲ့ဝင် ငါးဦးရှိပြီလို့ CDF Mara တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

မရာလူမျိုးတွေနေထိုင်ရာ ချင်းပြည်နယ်ထဲက မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တို့မှာ အဓိက လှုပ်ရှားတဲ့ အဲဒီနှစ်ဖွဲ့စလုံးဟာ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် မရာလူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်။

“လူမျိုးမတူရင်တောင် စစ်တပ်ကို တိုက်နေတဲ့ ဘယ်အဖွဲ့နဲ့မဆို အဆင်ပြေပြေ ပူးပေါင်းဖို့ရှိတာ၊ အခုက ကိုယ့်လူမျိုးအချင်းချင်းလည်းဖြစ်နေတော့ သွေးထွက်သံယိုမဖြစ်အောင် ညှိနှိုင်းဖြေရှင်းဖို့ပဲ ရှိပါတယ်” လို့ CDF Mara တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

CDF Mara တပ်ခွဲမှူး ဘိတ်နှောချွာ၊ တပ်သား ဘွေးရွာတို့ နှစ်ဦးကို ဇန်နဝါရီ ၅ ရက်က ရိက္ခာဝယ်ဖို့အသွား အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာမှာ MDF က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်မှာတော့ ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦး လွတ်မြောက်ရေးအတွက် သွားရောက်ညှိနှိုင်းတဲ့ CDF Mara ဗျူဟာမှူး ဦးထက်ဆန်းနဲ့ တပ်ရင်းမှူး ဦးခူးမာတို့ပါ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

“ရဲဘော်နှစ်ဦး အဖမ်းခံရတော့ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ညှိနှိုင်းတာ၊ အဲဒါနဲ့ လက်နက်တွေယူမလာဘဲ ဖမ်းထားတဲ့တပ်ဖွဲ့ဝင်နှစ်ဦးကို လာခေါ်ဆိုပြီး သူတို့ဘက်ကပြောလို့ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးလည်း ဘာလက်နက်မှ ယူမသွားဘဲ သူတို့ဆီသွားတာ၊ အဲမှာ ဖမ်းထားလိုက်တာ” လို့ CDF Mara တာဝန်ရှိသူက ပြောပါတယ်။

အလားတူပဲ ဇန်နဝါရီ ၁၉ ရက်၊ မနေ့ မနက် ၁၀ နာရီလောက်မှာတော့ အစည်းအဝေး တက်ဖို့အတွက် တပ်ဖွဲ့တာဝန်ရှိသူတဦးကို လိုက်ပို့ပေးတဲ့ CDF Mara တပ်ဖွဲ့ဝင် ဆလိုင်းရာလိုင်ဆန်ကို မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး ကိုးမိုင်ကျေးရွာမှာ သေနတ်တလက်နဲ့ အတူ ထပ်မံဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့မှာပဲ CDF Mara တပ်ခွဲမှူး ဆလိုင်းဆန်နေလည်းခရီးသွားရင်း မတူပီမြို့နယ်အတွင်း တနေရာမှာ အဖမ်းခံခဲ့ရပေမယ့် သူကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။

MDF တာဝန်ရှိသူတဦးကတော့ CDF Mara တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားတာကို အတည်ပြုပေမယ့် တပ်ဖွဲ့ဝင် ဘယ်နဦးကို ဖမ်းဆီးထားလဲဆိုတာနဲ့ ဘာလို့ဖမ်းဆီးတာလဲဆိုတဲ့အကြောင်းပြချက်၊ ပြန်လွှတ်ပေးဖို့ ရှိ၊ မရှိ ဆိုတာတွေကိုတော့ ဖြေကြားနိုင်ခြင်းမရှိသေးပါဘူး။

“သူတို့ ကျန်းမာရေး၊ လုံခြုရေး အခြေအနေကောင်းပါတယ်ဆိုတဲ့ဟာကိုပဲ့ ပြောလို့ရပါသေးတယ်” လို့ MDF တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC)ကတော့ မရာနယ်မြေအတွင်း MTC နဲ့ MDF တို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်မလှုပ်ရှားဖို့နဲ့ MDF ကလွဲပြီး တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာကြဖို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ရေးပူးပေါင်းလှုပ်ရှားနေတဲ့ MDF ဟာ MTC ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ကတော့ MTC အုပ်ချုပ်ရေးနယ်မြေအတွင်း ဘယ်တပ်ဖွဲ့မှ ကြိုတင်အသိမပေးဘဲ တပ်စွဲတာ၊ သွားလာလှုပ်ရှားတာ မလုပ်ကြဖို့ နောက်ဆုံးသတိပေးတယ်လို့လည်း MDF က ထပ်ဆင့်ထုတ်ပြန်ထားပါတယ်။

CDF Mara ကတော့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)နဲ့ နီးစပ်တဲ့ ကြားကာလ မရာနယ်ကောင်စီ(IMC)ရဲ့ ဦးဆောင်မှုအောက်မှာရှိပါတယ်။

MTC ရော IMC ရော နှစ်ဖွဲ့စလုံးကတော့ မရာလူမျိုးတွေနေထိုင်ရာ မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်တွေထဲက ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ အပြိုင် ကြိုးပမ်းနေကြပြီး အချင်းချင်းကြားမှာ မပြေလည်တာမျိုးတွေလည်း ရှိနေပါတယ်။

“လူမျိုးကိုပဲအခြေခံပြီးဖွဲ့ထားတော့ နှစ်ဖက်စလုံးက မရာလူမျိုးတွေနေထိုင်တဲ့ ဒေသတွေမှာပဲ လှုပ်ရှားတာ၊ အဲမှာ သူတို့က မရာဒေသမှာ သူတို့အဖွဲ့ကလွဲပြီး တခြားအဖွဲ့ကို လှုပ်ရှားခွင့်မပေးဘူးလုပ်လာတာ၊ နှစ်ဖက် လူကြီးတွေအချင်းချင်း သေချာဖြေရှင်းကြမှပဲ ရမှာ” လို့လည်း CDF Mara တာဝန်ရှိသူက ပြောပါတယ်။

CDF Mara ကတော့ လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲမှာ အဓိက ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တခုဖြစ်သလို MDF ကလည်း ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေမှာ AA နဲ့ အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်ကတော့ MDF နဲ့ CDF Mara တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး CDF Mara တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အဖမ်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်မြောက်ရေး ညှိနှိုင်းမှုတွေ လုပ်နေကြပေမယ့် အသေးစိတ်အခြေအနေတော့ မသိရသေးပါဘူး။

ပုံစာ- CDF Mara တပ်က တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ MDF တပ်ဖွဲ့တွေဟာ CDF Mara တပ်ဖွဲ့ဝင်ငါးဦးကို ဖမ်းဆီးထားတာဖြစ်ပါတယ်။