တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ ၊ ၂၀

#ရခိုင်မှာစစ်တပ်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်ဖို့ပြင်ဆင်နေတယ်ဆို

#ပေါင်းတည်မှာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်တပ်ကအရပ်သားတဦးကိုသတ်ဖြတ်

#မိုးမိတ်မှာမြို့မစျေးမီးလောင်တိုက်ပွဲတွေဆက်လက်ပြင်းထန်

#စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးသုံးဦးသေခုနှစ်ဦးဒဏ်ရာရ

#အုတ်ဖိုမှာပုဒ်မ၁၄၄အရဆိုပြီးကျေးရွာ၁၇ရွာကဒေသခံတွေကိုစစ်တပ်ကအဓမ္မဖယ်ရှား

#ဝှေခါရွာရှိစစ်ကောင်စီတပ်စခန်းကို၁၅ရက်ကြာတိုက်ခိုက်ပြီးKIAသိမ်းပိုက်

#MDFဖမ်းဆီးထားတဲ့CDFMaraတပ်ဖွဲ့ဝင်ငါးဦးအထိရှိလာ

#ရေးမြို့ကကြိုးတံတားဂိတ်ကိုတော်လှန်ရေးအင်အားစုသိမ်းပိုက်မီးရှို့ခဲ့

#လွတ်ငြိမ်း၁၄ ကြိမ်မှာနိုင်ကျဉ်းရှစ်ရာခိုင်နှုန်းကျော်သာပါဝင်

ဒီကနေ့ ဇန်နဝါရီ(၂၀)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။

#ရခိုင်မှာစစ်တပ်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်ဖို့ပြင်ဆင်နေတယ်ဆို

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်စတဲ့ သတင်းအချက်အလက် တွေကို ရည်ရွယ်ချက်ရှိရှိဖြတ်တောက်ပြီး စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အင်တိုက် အားတိုက် ကျူးလွန်ဖို့ ပြင်ဆင်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစွပ်စွဲပြောဆိုလိုုက်ပါတယ်။

ကိုးကန့််တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ပါဝင်တဲ့ စစ်ဆင်ရေး ၁၀၂၇ ဆင်နွှဲနေတဲ့ အဲဒီသုံးဖွဲ့ရဲ့ ဇန်နဝါရီလ ၁၉ ရက် စစ်ရေးအခြေအနေထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်တွေကို စစ်ဆင်ရေးစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာစစ်တွေအပါအဝင် မြို့နယ်အများအပြားမှာ မကြာသေးခင်ရက်ပိုင်းကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက်စစ်တပ်က ရေလမ်း၊ ကုန်းလမ်းတွေကို ပိတ်ဆို့ထားတဲ့အပြင် ဒေသတချို့မှာဖုန်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကို ဒီဇင်ဘာလကတည်းက လုပ်ဆောင်ခဲ့တာရှိပါတယ်။

ဒါပေမဲ့လက်ရှိအချိန်မှာတော့ အဲဒီလိုဖြတ်တောက်မှုတွေပိုပြီးများပြားလာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အခြေပြုနိရဥ္စရာသတင်းဌာနကတော့ ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်မှုတွေ ကြောင့် စစ်တွေမြို့က ပုဂ္ဂလိကဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေရပ်တန့်သွားတယ်လို့ မနေ့က ရေးသားတင်ပြ ထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ကို မနေ့က စစ်တပ်က လေကြောင်းကတိုက်ခိုက်လို့ ဦးစိုးတင့်ရပ်ကွက်အတွင်း ဗုံးသီးကျလို့ အရပ်သားတဦးသေဆုံးပြီး လူနေအိမ်ဆယ်လုံးကျော်မီးလောင်ခဲ့ရတယ်လို့ညီနောင်သုံးဖွဲ့က ပြောထားပါတယ်။

ဒီချုပ်အစိုးရလက်ထက်မှာစစ်တပ်နဲ့ ရက္ခိုင်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခတွေကြောင့်  ရခိုင်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ မောင်တော၊ ဘူး သီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ်ဇွန် ၂၁ ရက်ကစပြီး အင်တာနက်လိုင်းတွေပိတ်ထားခဲ့ပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။

အဲဒီကမ႓ာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုအတွင်း မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ချင်းပြည်နယ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအများအပြားကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ထားကြပါတယ်။

#ပေါင်းတည်မှာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်တပ်ကအရပ်သားတဦးကိုသတ်ဖြတ်

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ တောင်ခမောက်ရွာနဲ့ ကိုင်းကွင်းရွာကြားမှာ မိုင်းဆွဲခံခဲ့ရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အကျအဆုံးရှိခဲ့တာကြောင့်  တဲတလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တဲပိုင်ရှင်အမျိုးသားကို ပစ်သတ်ခဲ့တယ်လို့ ‌ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

သေဆုံးခဲ့သူဟာ ကိုင်းကွင်း ရွာမှ အသက် ငါးဆယ် အရွယ် ကိုမိုးကြီးဆိုသူ ဖြစ်ပြီး သေဆုံးသူ အလောင်းကို ဖြစ်စဉ်ဖြစ်ပွားနေ့ကတည်းက သဂြိုလ်ပေးလိုက်တယ် လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ် ၊ပြည်ခရိုင်(PPDF) တပ်ရင်း ၃၆၀၁  ဆက်သွယ်ရေးနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်းကနေ ဇန်နဝါရီလ ၁၉ ရက်အထိ စစ်တပ်လက်ချက်နဲ့သေဆုံးသူပေါင်း ၄,၃၉၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

အင်အား ခုနှစ်ဆယ် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်၊ မနက် ၉ နာရီခန့်မှာ စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ကွင်းကိုင်းရွာဘက်ကို စစ်ကြောင်း ထွက်လာစဉ်ပြည်သူ့ကာကွယ်ရေး တပ်တွေက စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

 အဲ့ဒီလို တိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၁၉ မှ ဗိုလ်နေလင်းအောင် အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကာ လေးဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ (PPDF) ဆက်သွယ်ရေးနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေကို ဝဲကြီးဆည်ရေလမ်းကြောင်းကတဆင့် ပေါင်းတည်မြို့ကို သယ်ဆောင်သွားတယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကို DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

 အထိနာသွားတဲ့ အဲဒီ စစ်ကြောင်းဟာ အနီးအနား ဝန်းကျင်ရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်ရှိမှာတော့ အဆိုပါ စစ်ကြောင်းဟာ သိမ်ကုန်းတာဝါတိုင် စခန်းကို ပြန်လည် ဝင်ရောက်နေတယ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း မအူပင်ရွာကို မီးရှို့ခဲ့တဲ့ အဲဒီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တောက်ခမောက်ကျေးရွာအနီးမှာ စနိုက်ပါနဲ့ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်  အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာနေအိမ် (၇၂)လုံး ၊စပါးကျီသုံးလုံးနဲ့ ပညာရေး ဝန်ထမ်းအဆာင် တလုံး ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

#မိုးမိတ်မှာမြို့မစျေးမီးလောင်တိုက်ပွဲတွေဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ပူးပေါင်းအဖွဲ့တွေကြား ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး မြို့မစျေးတခုလုံးလည်း မီးလောင်ပျက်စီး သွားတယ်လို့ မြိုခံတွေထံကသိရပါတယ်။

မနေ့က ဇန်နဝါရီ ၁၉ ရက်၊ ည ၇ နာရီလောက်မှာ မြို့မစျေးဟာ လက်နက်ကြီးကျလို့ စတင်မီးလောင်ကျွမ်းခဲ့သလို အနီးအနားက နေအိမ်တွေလည်း မီးလောင်ပျက်စီးတာတွေရှိပေမယ့် အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး စစ်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့ အတွက်မြို့ထဲမှာ ကျန်နေတဲ့ မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြတ်တောက်နေတယ်လို့ နောက်ထပ်  ဒေသခံ တဦးကပြောပါတယ်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး ဒီလ ၁၈ ရက် ၊မနက်ပိုင်းကစတင်ပြီး စီးနင်းတိုက်ခိုက်နေတာပါ။

မြို့ရဲ့ ရဲစခန်းအပါအဝင် နေရာအများစုကိုတော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားတဲ့အတွက် စစ်တပ်ကလည်း လေကြောင်းကတဆင့် ပစ်ခတ်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

မိုးမိတ်မြို့အဝင်မှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းသုံးခုရှိပြီး အဲဒီတပ်ရင်းတွေကနေ မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပေးနေတယ်လို့ သိရပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေကြောင့် ဒေသခံ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိသလို နေအိမ်အဆောက်အဦအများအပြားလည်း ပျက်စီးတာတွေရှိသလို တော်လှန်ရေးအင်အားစုတွေကလည်း ဒေသခံတွေ တိမ်းရှောင်ကြဖို့ ပြောထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

#စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့အမျိုးသမီးသုံးဦးသေခုနှစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၉ ရက်၊ မနက် ၁၁ နာရီကျော်က စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးသုံးဦးသေဆုံးကာ ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

ဘီးလင်းမြို့နယ်၊ ဇီးဝန်းအခြေစိုက်အမြောက်တပ်မှ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာဘက်ကို လက်နက်ကြီး နှစ်လုံးရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

အဲဒီလက်နက်ကြီးကျည်ဟာ  နေအိမ်နှစ်လုံးအပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ တက်တူကုန်းကျေးရွာမှ အသက် ၄၉ နှစ်အရွယ် နော်မူ(ခေါ်)ဒေါ်ယဉ်ယဉ်ဌေး၊ အသက် ၂၂ နှစ်အရွယ် မစန္ဒာနဲ့ ကြက်ခြေခတ်ကျေးရွာမှ နော်ကော်မူလာတို့ ခန္ဓာကိုယ်အနှံ့မှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အသက် နှစ်နှစ်အရွယ် မောင်ရဲရင့်အောင်၊ ဒေါ်တောသား၊ ဒေါ်ခင်သန်း၊ မဝါဝါသင်း၊ ဒေါ်ခင်ဝင်းလှိုင်တို့အပါအဝင် အရပ်သား ခုနှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး လေးဦးက ဒဏ်ရာများတယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KLNA ၊ PDF ပူးပေါင်းအဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဘီးလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးကတော့ လက်နက်ကြီးပစ်ခတ်ခံရတဲ့ ကျေးရွာက ကေအဲန်ယူ တပ်မဟာ ၁ (သထုံခရိုင်)ထိန်းချုပ်နယ်မြေထဲက ကျေးရွာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ရှိမယ်အထင်နဲ့ စစ်ကောင်စီအမြောက်တပ်က ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ သထုံခရိုင်ထိန်းချုပ်နယ်မြေအစပ်နား ကျေးရွာတွေဘက်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ အခြေချတပ်စွဲထားပြီး တော်လှန်ရေးအင်အားစုတွေကလည်း အဲဒီတပ်စွဲထားတဲ့နေရာတွေဘက်ကို မကြာမကြာ သွားရောက်တိုက်ခိုက်လေ့ရှိနေတာပါ။

အခုလို မကြာမကြာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အခြေစိုက်တပ်ရင်း၊တပ်စခန်းတွေကနေ ကေအဲန်ယူထိန်းချုပ်နယ်မြေဘက်က ကျေးရွာတွေဘက်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

သထုံမြို့နယ် ကော့လှိုင်းရွာလေးနဲ့ ကုလားကုန်းရွာအကြားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်၊မနက် ၁၁ နာရီခန့်က အမှတ်(၉)ခြေမြန်တပ်ရင်းမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဈေးဝယ်ပြန်လာတဲ့ ကော့လှိုင်းကျေးရွာနေ အမျိုးသားတဦးနဲ့ ဇနီးဖြစ်သူ နော်ကူးကူးတို့ လက်နက်ကြီးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုးလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူတပ်မဟာ ၁ နယ်မြေမှာ စစ်ရှောင်နေရတဲ့ အရပ်သားသောင်းချီရှိနေပြီး သူတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဖွဲ့ထံမှ သိရပါတယ်။

#အုတ်ဖိုမှာပုဒ်မ၁၄၄အရဆိုပြီးကျေးရွာ၁၇ရွာကဒေသခံတွေကိုစစ်တပ်ကအဓမ္မဖယ်ရှား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမထဲမှာရှိတဲ့ ရွာ ၁ရရွာကို ပုဒ်မ၁၄၄အရဆိုပြီး ဖယ်ပေးဖို့ စစ်ကောင်စီတပ်သားတွေကပြောဆိုခဲ့တာကြောင့် နေအိမ်တွေကိုစွန့်ခွာပေးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၈ရက်၊မနက်ပိုင်းမှာပဲ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမ၊ ရွှေကြားအင်း စတဲ့ရွာပေါင်းရရွာကို သူတို့ကိုယ်တိုင် လာရောက်ပြောဆိုခဲ့ပေမယ့် ကျန်တဲ့၁ဝရွာကို စာပို့ပြီးအကြောင်းကြားခဲ့တာ လို့သိရပါတယ်။

ဒေသခံတွေကို အဲ့ဒီမနက်ပိုင်းမှာပဲ ချက်ချင်းဖယ်ပေးဖို့ပြောခဲ့ပေမယ့်လည်း အဆင်မပြေတာကြောင့် အဲ့ဒီ့နေ့ ညပိုင်းမှာနေအိမ်တွေကို စွန့်ခွာခဲ့ပြီး ဒေသခံတချို့က ရိုးမတောထဲကိုပြောင်းရွှေ့ခဲ့ကြသလို တချို့ဒေသခံတွေကတော့ တခြားမြို့တွေဆီထွက်ခွာသွားခဲ့ကြတယ်လို့ဆိုပါတယ်။

ဒေသခံအရေအတွက်ဘယ်လောက်ရှိတယ်၊ အိမ်ခြေဘယ်လောက်ဆိုတာတော့ မသိရသေးပါဘူး။

 အဲ့ဒီဒေသခံတွေဟာ တောင်ယာအဓိကလုပ်ကိုင်ကြတာဖြစ်ပြီး၊ ဆင်စခန်းတွေရှိတာကြောင့် သစ်လုပ်ငန်းအနည်းငယ်လုပ်ကိုင်ကြပေမယ့် စစ်ကောင်စီတပ်သားတွေက အဲ့ဒီဒေသခံတွေကို တော်လှန်ရေးတပ်တွေကို ထောက်ပံ့တယ်လို သံသယရှိနေတာကြောင့် အခုလို နေအိမ်တွေဖယ်ခိုင်းကြတာဖြစ်မယ်လို့ ရွာခံတွေက ဆိုပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၁၄၄အရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို အနှောက်ယှက်ဖြစ်စေတဲ့အစုအဝေး၊ ဥပဒေနဲ့ဆန့်ကျင်တဲ့အစုဝေး၊ ရုန်းရင်းဆန်ခတ်မှု၊ သတ်ပုတ်နှောက်ယှက်မှု၊ အများပြည်သူရဲ့့အသက်အိုးအိမ်နဲ့လုံခြုံမှု၊ ဥပဒေနဲ့အညီနေထိုင်လုပ်ကိုင်သူကို ပတ်ပင်မှု၊ စိတ်ငြိုစေမှု(သို့)နစ်နာမှုလို့ ပြဌာန်းထားတဲ့ ဥပဒေကို အကြောင်းပြုပြီး အခုလို ‌ဒေသခံတွေရဲ့နေအိမ်တွေ စွန့်ခွာခိုင်းခဲ့တာပါ။

အုတ်ဖိုမြို့ ၊ဝိုင်းရဲစခန်းမှာ မနေ့က ဇန်နဝါရီ ၁၉ရက်မနက်မှာပဲ လောင်ဆာဆီပါ ကားနှစ်စီးအပြင် စစ်ကောင်စီတပ်သား တရာငါ့းဆယ်ဝန်းကျင်ပါရောက်နေတာကြောင့် နေအိမ်တွေကို မီးရှို့ခံရမှာလည်းစိုးရိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

#ဝှေခါရွာရှိစစ်ကောင်စီတပ်စခန်းကို၁၅ရက်ကြာတိုက်ခိုက်ပြီးKIAသိမ်းပိုက်

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေပေါတဲ့ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတခုကို တော်လှန်ရေးအင်အားစုတွေက ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်မြို့ရဲ့ အနောက်တောင်ဖက် ၁၃ မိုင်ခန့်အကွာမှာရှိတဲ့ ဝှေခါကျေးရွာရှိ အဲဒီစခန်းကိုုပူးပေါင်းအဖွဲ့က ဒီလ ၆ ရက်ကတည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့မနက် ၇ နာရီလောက် ၁၅ ရက်အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIAသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA သတင်းဌာနကို အတည်ပြုပြောဆိုထားပါတယ်။

အဲဒီတပ်စခန်းမှာ စစ်ကောင်စီက အင်အား တရာလောက်နဲ့ တပ်စွဲထားလေ့ရှိသလို ဝှေခါမှော်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တွေကို ထိန်းချူပ်ထားတဲ့ တပ်စခန်းဖြစ်လို့တိုက်ခိုက်သိမ်းပိုက်တာ ဖြစ်တယ်လို့ဆိုထားပါသေးတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးကတော့ အဲဒီစခန်းမီးလောင်တာ ဒီမနက်က တွေ့ရပြီး  မီးရှို့လိုက်တဲ့အတွက်ကြောင့်လား၊ လက်နက်ကြီးကြောင်းလား သေချာမသိပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ချိန်မှာ စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကို စွန့်ခွာထွက်ပြေးသွားသူတွေလည်း ရှိသလို ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ အထက်ပါ ဒေသခံကဆက်လက်ပြောပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို သုံ့ပန်းအနေနဲ့ အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိသလို စခန်းအတွင်းမှာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိတာရှိတယ်လို့ ဒေသခံတွေက ဆိုကြပေမယ့် DNA ကသီးခြားအတည်ပြုလိုတော့မရသေးပါဘူး။

တိုက်ပွဲမှာနှစ်ဘက်အထိအခိုုက်အကျအဆုံးစာရင်းကို မသိရသေးပါဘူး။

အဲဒီလိုစတင်တိုက်ခိုက်တဲ့ နေ့မှာတင် စစ်ကောင်စီရဲ့ ဝှေခါရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ခြေလျင်တပ်ရင်း ၄၀၂ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် နေရော ညပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဖားကန့်မြို့ရှိ စစ်တပ်ဗျူဟာကုန်းကလည်း အဲဒီဒေသကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူပေးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဝှေခါကျေးရွာရှိ ဒေသခံ ထောင်ကျော်လောက်ဟာ ဒီလ အစောပိုင်းလောက်ကစတင်ပြီး အနီးအနားမှာရှိတဲ့ ဆိုင်းတောင်၊ တာမခန် စတဲ့ကျေးရွာတွေဖက်ကို စစ်ဘေးရှောင်ခဲ့ရသလို ဖားကန့်မြို့ပေါ်ကိုလည်း ပြောင်းရွှေ့နေထိုင်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

#MDFဖမ်းဆီးထားတဲ့CDFMaraတပ်ဖွဲ့ဝင်ငါးဦးအထိရှိလာ

စစ်အာဏာရှင်ကို တော်လှန်တိုုက်ခိုက်ဖို့ ချင်းပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)က ဖမ်းဆီးထားတဲ့ ချင်းလဲန့်ကာကွယ်ရေးတပ်ဖွဲ့-မရာ(CDF Mara) တပ်ဖွဲ့ဝင် ငါးဦးရှိပြီလို့ CDF Mara တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

မရာလူမျိုးတွေနေထိုင်ရာ ချင်းပြည်နယ်ထဲက မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တို့မှာ အဓိက လှုပ်ရှားတဲ့ အဲဒီနှစ်ဖွဲ့စလုံးဟာ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် မရာလူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်။

CDF Mara တပ်ခွဲမှူး ဘိတ်နှောချွာ၊ တပ်သား ဘွေးရွာတို့ နှစ်ဦးကို ဇန်နဝါရီ ၅ ရက်က ရိက္ခာဝယ်ဖို့အသွား အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာမှာ MDF က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်မှာတော့ ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦး လွတ်မြောက်ရေးအတွက် သွားရောက်ညှိနှိုင်းတဲ့ CDF Mara ဗျူဟာမှူး ဦးထက်ဆန်းနဲ့ တပ်ရင်းမှူး ဦးခူးမာတို့ပါ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

အလားတူပဲ ဇန်နဝါရီ ၁၉ ရက်၊ မနေ့ မနက် ၁၀ နာရီလောက်မှာတော့ အစည်းအဝေး တက်ဖို့အတွက် တပ်ဖွဲ့တာဝန်ရှိသူတဦးကို လိုက်ပို့ပေးတဲ့ CDF Mara တပ်ဖွဲ့ဝင် ဆလိုင်းရာလိုင်ဆန်ကို မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး ကိုးမိုင်ကျေးရွာမှာ သေနတ်တလက်နဲ့ အတူ ထပ်မံဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့မှာပဲ CDF Mara တပ်ခွဲမှူး ဆလိုင်းဆန်နေလည်းခရီးသွားရင်း မတူပီမြို့နယ်အတွင်း တနေရာမှာ အဖမ်းခံခဲ့ရပေမယ့် သူကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။

MDF တာဝန်ရှိသူတဦးကတော့ CDF Mara တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားတာကို အတည်ပြုပေမယ့် တပ်ဖွဲ့ဝင် ဘယ်နဦးကို ဖမ်းဆီးထားလဲဆိုတာနဲ့ ဘာလို့ဖမ်းဆီးတာလဲဆိုတဲ့အကြောင်းပြချက်၊ ပြန်လွှတ်ပေးဖို့ ရှိ၊ မရှိ ဆိုတာတွေကိုတော့ ဖြေကြားနိုင်ခြင်းမရှိသေးပါဘူး။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC)ကတော့ မရာနယ်မြေအတွင်း MTC နဲ့ MDF တို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်မလှုပ်ရှားဖို့နဲ့ MDF ကလွဲပြီး တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာကြဖို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ရေးပူးပေါင်းလှုပ်ရှားနေတဲ့ MDF ဟာ MTC ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ကတော့ MTC အုပ်ချုပ်ရေးနယ်မြေအတွင်း ဘယ်တပ်ဖွဲ့မှ ကြိုတင်အသိမပေးဘဲ တပ်စွဲတာ၊ သွားလာလှုပ်ရှားတာ မလုပ်ကြဖို့ နောက်ဆုံးသတိပေးတယ်လို့လည်း MDF က ထပ်ဆင့်ထုတ်ပြန်ထားပါတယ်။

CDF Mara ကတော့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)နဲ့ နီးစပ်တဲ့ ကြားကာလ မရာနယ်ကောင်စီ(IMC)ရဲ့ ဦးဆောင်မှုအောက်မှာရှိပါတယ်။

MTC ရော IMC ရော နှစ်ဖွဲ့စလုံးကတော့ မရာလူမျိုးတွေနေထိုင်ရာ မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်တွေထဲက ဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ အပြိုင် ကြိုးပမ်းနေကြပြီး အချင်းချင်းကြားမှာ မပြေလည်တာမျိုးတွေလည်း ရှိနေပါတယ်။

CDF Mara ကတော့ လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲမှာ အဓိက ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တခုဖြစ်သလို MDF ကလည်း ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေမှာ AA နဲ့ အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်ကတော့ MDF နဲ့ CDF Mara တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး CDF Mara တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အဖမ်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်မြောက်ရေး ညှိနှိုင်းမှုတွေ လုပ်နေကြပေမယ့် အသေးစိတ်အခြေအနေတော့ မသိရသေးပါဘူး။

#ရေးမြို့ကကြိုးတံတားဂိတ်ကိုတော်လှန်ရေးအင်အားစုသိမ်းပိုက်မီးရှို့ခဲ့

မွန်ပြည်နယ်၊ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းဘေးကကြိုးတံတားလုံခြုံရေးဂိတ်ကို ဒီကနေ့မနက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ရေးမြို့နယ်၊မော့ကနင်ကျေးရွာနဲ့ စံပြကျေးရွာကြား ရေး-သံဖြူဇရပ်ကားလမ်းဘေးမှာ အင်အား သုံးဆယ်ကျော်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့ ကြိုးတံတားလုံခြုံရေးဂိတ်ကို မနက် ၇ နာရီခွဲခန့်ကတိုက်ခိုက်ပြီး ၉ နာရီလောက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နဲ့ ရေးသိမ်းငှက်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တနာရီခွဲကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အလောင်းဆယ်လောင်းကို မျက်မြင်တွေ့ရှိခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က လေးဦး လက်နက်ကြီးအစထိမှန်ခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကနေ ၈၀ မမ လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို ပူးပေါင်းအဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၁၉) စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်လက်အောက်ခံ အာယုတောင်ကျေးရွာအနီးရှိ  ခြေမြန်တပ်ရင်း ခမရ(၅၈၈) ၊ ခမရ(၃၄၃)မှ လက်နက်ကြီး အကြိမ်ရေသုံးဆယ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးပေမဲ့ တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ အဲဒီကြိုးတံတားလက်လွှတ်ဆုံးရှုံးပြီး အကျအဆုံးရှိခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ့ရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ရေး-မော်လမြိုင်အဝေးပြေးကားလမ်းမကြီး နာရီနဲ့ချီကြာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် ခရီးသွားကားထိခိုက်ပျက်စီးတာနဲ့ ခရီးသွားတချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရေးမြို့နယ် မော့ကနင်းကျေးရွာနေ ဒေသခံတဦးက ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ  အဲဒီအနီးပတ်ဝန်းကျင်က ကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲလို့ နေအိမ်အဆောက်အဦတချို့ ထိခိုက်ပျက်စီးတာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းနေတဲ့အပြင် နယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

#လွတ်ငြိမ်း၁၄ကြိမ်မှာနိုင်ကျဉ်းရှစ်ရာခိုင်နှုန်းကျော်သာပါဝင်

စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ၁၄ ကြိမ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား(နိုင်ကျဉ်း) ၈ ဒဿမ ၃ ရာခိုင်နှုန်းသာပါဝင်တယ်လို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့်မူဝါဒရေးရာလေ့လာရေးအင်စတီကျု(ISP-Myanmar) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အထိ အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းခွင့် ၁၄ ကြိမ်မှာ အကျဉ်းကျခံနေရသူပေါင်း ၉၂, ၅၆၀ လွှတ်ပေးခဲ့ပေမဲ့ နိုင်ကျဉ်း ၇,၆၅၉ ဦးသာပါတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းတာကို လက်မခံမှုနဲ့ဆန့်ကျင်မှုတွေကြောင့် နိုင်ကျဉ်းပေါင်း ၁၉,၉၁၁ ဦး အကျဉ်းထောင်တွေမှာ ဆက်လက်ရှိနေပြီး အဲဒီထဲက ၈,၄၇၄ ဦးဟာ ထောင်ဒဏ်တနှစ်ကနေ အမြင့်ဆုံးသေဒဏ်အထိချမှတ်ခံထားရတာပါ။