ဘန်ကီမွန်းခရီးစဉ် မြန်မာလူထုလိုလားချက်နဲ့ မကိုက်ညီဘူးလို့ ဝေဖန်ခံရ

ဧပြီ၊ ၂၆
 
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရမယ့် အချိန်မဟုတ်တော့ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့မြန်မာခရီးစဥ်ဟာလည်း လူထုလိုလားချက်နဲ့ မကိုက်ညီဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ကြပါတယ်။
 
“ မစ္စတာဘန်ကီမွန်းပဲဖြစ်ဖြစ်၊ အာဆီယံနဲ့ အိန္ဒိယကပဲဖြစ်ဖြစ်၊ တရုတ်ကပဲဖြစ်ဖြစ် အခုလိုလုပ်တဲ့ ဆောင်ရွက်မှုဟာ နိုင်ငံရေးအရ ဘယ်လိုမှ နေရာမရတဲ့ စစ်အုပ်စုကို ပြန်ပြီးတော့ ဆွဲတင်သလိုဖြစ်တာတော့ အမှန်ပဲ။ ပြည်သူတွေ ဒီကနေ့ တောင်းဆိုနေတာက စစ်အုပ်စုကို နိုင်ငံရေးစည်းဝိုင်းအပြင်ဘက်ကို ထွက်သွားဖို့ကို တောင်းဆိုနေတာဖြစ်တယ်၊ ဒါကြောင့် ဒီလိုလှုပ်ရှားမှုတွေဟာ အခြေအနေနဲ့ မကိုက်ညီဘူး ” လို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော် က ပြောပါတယ်။
 
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဌအနေနဲ့ ဧပြီလ ၂၃ ရက်က စစ်အုပ်စုရဲ့ ဖိတ်ကြားချက်အရ နှစ်ရက်တာ ခရီးစဉ်အဖြစ် နေပြည်တော်ကို ရုတ်တရက် ရောက်လာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
 
အဲဒီတွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံရေးပြသနာရဲ့ အဖြေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့သလို အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်နဲ့ ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့တယ်လို့ ခရီးစဥ်အပြီးမှာ The Elders အဖွဲ့က ထုတ်ပြန်ပါတယ်။
 
ဒါ့အပြင်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့အချိန်မှသာ ကျင်းပဖို့နဲ့ အခုအချိန်ကျင်းပရင် အကြမ်းဖက်မှုတွေနဲ့ကွဲပြားမှုတွေကိုသာ ဖြစ်ပေါ်စေမှာဖြစ်ပြီး ပြည်သူနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု မရနိုင်ဘူးလို့လည်း ဆိုပါတယ်။
 
နိုင်ငံတကာအသိုင်းအဝိုင်းဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို အာဆီယံအပါအဝင် နိုင်ငံတကာအစည်းအဝေးတက်ခွင့်အားလုံးကို ပိတ်ပင်သင့်ပြီး လေယာဉ်ဆီနဲ့ နိုင်ငံခြားဝင်ငွေ လမ်းကြောင်း အားလုံးကို ကန့်သတ်ပိတ်ပင်ဖို့၊ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ချက်ခြင်းပေးဖို့ လုပ်သင့်တယ်လို့ NUG အစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။
 
“ မင်းအောင်လှိုင်အပါအဝင် မြန်မာအကြမ်းဖက်စစ်တပ်က ဒီလိုမျိုး Diplomatic နဲ့ပြောလို့ အရပ်သားပြည်သူ အပေါ်မှာ အကြမ်းဖက်တိုက်ခိုက်နေတာ ရပ်သွားမှာ မဟုတ်ဘူး၊ မင်းအောင်လှိုင် နားမလည်တဲ့ သံတမန်ရေးရာ စကားတွေ လုပ်မနေပါနဲ့တော့၊ အချိန်လည်း မဟုတ်တော့ဘူး၊ ပိုတောင် တိုးလာတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီလိုမျိုး သွားတွေ့ခြင်းအားဖြင့် သူလုပ်တာကိုပဲ ထောက်ခံသလို ယူဆကောင်း ယူဆမှာပါ။ The Elders ဂရုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် Former honorary member ပေါ့၊ ဘန်ကီမွန်း သူနဲ့တောင် မတွေ့လိုက်ရရှာဘူး ” လို့ သူက ပြောပါတယ်။
 
ဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ အာဆီယံ၊ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့က တိုက်တွန်းချက်တွေနဲ့ တူပေမယ့် ဒီတကြိမ်ထူးခြားချက်ကတော့ နစက (စစ်ကောင်စီ)က ပထမဆုံးခြေလှမ်းရမယ်ဆိုပြီးတိုက် တွန်းခဲ့သလို NUG အစိုးရကို နာမည်တပ်ပြောဆိုသွားတာ ထူးခြားတယ်လို့ နိုင်ငံရေးလေ့လာသူ သီပေါအမတ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
 
“ အရင် အာဆီယံတို့၊ တရုတ်တို့ ပြောခဲ့တဲ့ ဟာကတော့ Stakeholder တွေ အားလုံးပါဝင်ဆွေးနွေးဖို့ ဆိုတဲ့ဟာ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ နယ်ပယ်အသီးသီးက ပါဝင်ဖို့ဆိုတဲ့ ဟာလောက်ပဲ ပြောတာပေါ့၊ အခုက NUG ကိုပါ နာမည်ထည့်ပြီး ပြောတယ်၊ ဒါက နိုင်ငံတကာက မူလသွားနေတဲ့ လမ်းကြောင်းကနေ သွေးဖယ်သွားတယ်လို့တော့ မဆိုနိုင်ဘူး ” လို့ သူကပြောပါတယ်။
 
ဘန်ကီမွန်းနဲ့ စစ်ကောင်စီတွေ့ဆုံမှုကို နိုင်ငံတကာဇာတ်ခုံမှာ လူမိုက်ကိုပွဲထုတ်တာလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း မနေ့က ဝေဖန်ထားပါတယ်။
 
“ လက်တွေ့မှာလည်း နစကကသာ အရွေ့တခုခု မရွေ့ဘူးဆိုရင် ဘယ်လိုမှ ဖြစ်မလာနိုင်ဘူးပေါ့၊ အဲဒီလို အနေအထားမျိုးမှာ NUG က ဒီလိုတိုက်တွန်းဖို့၊ နိုင်ငံရေးအရ ဆောင်ရွက်ဖို့ အချိန် မဟုတ်တော့ဘူးလို့ ပြောလိုက်တဲ့ သဘောအရ သူတို့က ဒီလိုလမ်းကြောင်းပေါ် လျှောက်ဖို့ဟာကို မလိုလားဘူး၊ နစက က တွေ့မယ်၊ ဆွေးနွေးမယ်ဆိုရင်တောင် လက်မခံနိုင်ဘူးဆိုပြီးတော့ အဲလိုများ ဆိုလိုချင်သလားလို့ စဉ်းစားစရာ ဖြစ်လာတာပေါ့နော်၊ အဲ့လိုဆိုရင်တော့ ဒီဟာ (ဆွေးနွေးရေး)က နိုင်ငံတကာက ဝိုင်းဝန်းကြိုးပမ်းနေကြပေမယ့်လို့ ဘယ်တော့မှ ဖြစ်လာမယ့် အနေအထား မဟုတ်ဘူးပေါ့၊ အဲလိုသုံးသပ်ရပါတယ် ” လို့ ဦးရဲထွန်းက ပြောပါတယ်။
 
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်လို့ မဆွေးနွေးနိုင်ဘူးလို့ အပြန်အလှန်ကြေညာထားပါတယ်။
 
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေရပ်ပြီး ငြိမ်းချမ်းတဲ့ အဖြေရအောင် သက်ဆိုင်သူတွေအားလုံး ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – MOI