စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေး သက်သေအထောက်အထားတွေ စုဆောင်းထား

အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေးအတွက် ကာယကံရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားရှိတယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၆လအတွင်း အကြမ်းဖက်စစ်တပ်ဟာ ပြည်သူအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းမှာ စစ်ရာဇဝတ်မှုပေါင်း (၂၇၇၈) ခု တွေ့ရှိရပြီးဖက်ဆစ်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူအပြစ်‌ပေးနိုင်ရေးဟာ ဝန်ကြီးဌာနရဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့နဲ့ ချိတ်ဆက်ကာ စစ်ရာဇဝတ်မှုတွေကို အမှုဖွင့်တိုင်ကြားခြင်း၊ သတင်းပေးတိုင်ကြားခြင်း တို့နဲ့ စစ်ရာဇဝတ်တရားခံ တွေကို ဥပဒေအောက် အရောက်ခေါ်ယူ တရားစွဲဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဥပဒေရဲ့ အပြစ်ပေးမှုအောက် ကနေ တစ်ဦးတစ်ယောက်မှ လွတ်မြောက်မှုမရှိစေရအောင် ဆောင်ရွက်သွားမယ်လို့ လည်းထုတ်ပြန်ထားပါတယ်။