NUGငွေတိုက်စာချုပ်ရောင်းချမှုကို ပြဿနာတချို့ ဖြေရှင်းပြီးတဲ့အထိ ဆက်လက်ရပ်ဆိုင်းထားမယ်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

NUGအစိုးရ ရဲ့ ငွေတိုက်စာချုပ်ရောင်းချမှုကို ပြဿနာတချို့ ဖြေရှင်းပြီးတဲ့အထိ ဆက်လက်ရပ်ဆိုင်းထားမယ်လို့  NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကသတင်းထုတ်ပြန်ပါတယ်။

ချက်သမ္မတနိုင်ငံမှာရှိတဲ့ NUGအစိုးရရဲ့ ဘဏ်ငွေစာရင်းထဲ  ငွေလွှဲပြောင်း ပေးပို့ရာမှာနိုင်ငံတကာက အမည်ပျက်စာရင်းသွင်းခြင်း ခံထားရတဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေနဲ့ နာမည်တူနေတဲ့ ငွေတိုက်စာချုပ်ဝယ်ယူသူတွေရဲ့ ကိစ္စရပ်တွေကို ဘဏ်နဲ့ ညှိနှိုင်းဖြေရှင်းနေပြီး ငွေတိုက်စာချုပ်တွေ ရောင်းချခြင်းကို ပြဿနာတွေ ဖြေရှင်းပြီးချိန်အထိ မလွှဲမရှောင်သာ ဆက်လက်ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ဆိုပါတယ်။ 

 ပြီးခဲ့တဲ့အပတ်အတွင်းက ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေထဲက  (၄၁၈၃) စောင်ကို ပြန်လည်ပေးပို့နိုင်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ငွေတိုက်စာချုပ်တွေကိုလည်း အချိန်မီပေးပို့သွားနိုင်အောင် ကြိုးစားဆောင်ရွက် နေတယ်လို့ဆိုပါတယ်။ 

 ပြည်ပနိုင်ငံအသီးသီးရှိNUGအစိုးရ အသိအမှတ်ပြု ကိုယ်စားလှယ်တွေက နေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံရှိ ပြည်တွင်း ငွေလွှဲပြောင်းပေးချေခြင်း နည်းလမ်းတွေနဲ့ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ငွေတိုက်စာချုပ်တွေ ပြန်လည်ရောင်းချမယ့်နေ့ရက်နဲ့ လုံခြုံစိတ်ချစွာဝယ်ယူနိုင်မယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ်ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်းထုတ်ပြန်ပါတယ်။

Delta News Agency

Read Previous

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ဒီဇင်ဘာ၁၀မှာ ဆင်နွှဲမယ်

Read Next

အမေရိကန်ဟာ အကျိုးစီးပွားတစ်ခုတည်းကို ကြည့်နေတဲ့ နိုင်ငံအဖြစ် တရုတ်အကြီးတန်းအရာရှိ စွပ်စွဲ