တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ဒီဇင်ဘာ၁၀မှာ ဆင်နွှဲမယ်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ‘10D’လှုပ်ရှားမှုကို ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ၁၀ရက်နေ့မှာ တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲကြဖို့ နွေဦးတော်လှန်ရေးတိုက်ပွဲဝင် တက်ကြွလှုပ်ရှားသူတွေက လှုံ့ဆော်နေပါတယ်။

10D လှုပ်ရှားမှုဆိုတာ ဒီဇင်ဘာ၁၀ ရက်​နေ့ မနက် ၁၀ နာရီ ကနေ ည​နေ ၄ နာရီအထိ လမ်းမတွေထက်မှာ ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင်​တွေမဖွင့်တဲ့နည်းနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ကြမယ်လို့ သိရပါတယ်။

‘ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်’ လို့တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ ၊လွတ်လပ်ခွင့်မရှိ အ​မှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ကိုဆန့်ကျင်၊ တော်လှန်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ် မျှဝေဖော်ထုတ်ကြမယ်လို့လည်း လှုံဆော်ထားပါတယ်။

‘တိတ်ဆိတ်ခြင်းရဲ့ အကျယ်​လောင်ဆုံး ဟစ်​ကြွေးသံကို အာဏာရူး​တွေ ဆက်ဆက်ကြား​စေရမယ်’လို့လည်း တက်ကြွလှုပ်ရှားသူတွေ ကြွေးကြော်ပါတယ်။

သမိုင်းကြောင်းတလျှောက်လုံး တောင်းဆိုခဲ့၊ တောင်းဆိုနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေဟာ ဒီနေ့ဒီချိန်ထိ ပျောက်ဆုံးနေရဆဲဖြစ်ပြီး ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အသက်ပေး အဖိနှိပ်ခံနေရသေးတာဟာ အင်မတန်မှ တုန်လှုပ်နာကြည်းစရာကောင်းတဲ့ အမှန်တရားဖြစ်တယ်လို့လည်း ဆိုပါတယ်။

၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အဲဒီနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။