မြောက်ကိုရီးယားဆီ စီးကရက်ရောင်းလို့ ဒဏ်ကြေး တနင့် ပေးဆောင်ရမယ့် လုပ်ငန်းစုကြီး

ဧပြီ၊ ၂၆

မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့မိတဲ့အတွက် စီးကရက်၊ ဆေးရွက်ကြီးနဲ့ ဆေးလိပ် လုပ်ငန်းစုကြီး British American Tobacco (BAT)ဟာ အမေရိကန် အာဏာပိုင်တွေဆီ ဒဏ်ကြေး ဒေါ်လာ သန်း ၆၀၀ ကျော် ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို သိထားလျက်နဲ့ မြောက်ကိုရီးယားဆီ စီးကရက်တွေ တင်ပို့ခဲ့မိတယ် ဆိုတာကို ဗြိတိန်ရဲ့ နိုင်ငံတကာ လုပ်ငန်းစုကြီး BATက ဝန်ခံပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ လျော်ကြေးအဖြစ် ဒေါ်လာ ၆၃၅ သန်း ပေးဆောင်ရမှာပါ။

အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းပြီးတဲ့နောက် BATဖက်က အခုပြစ်ဒဏ်ကို လက်ခံခဲ့တယ်လို့ အမေရိကန် တရားရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

BATက သူတို့အနေနဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီး မလျော်မကန် ပြုမူမိခဲ့တာတွေအတွက် လေးလေးနက်နက် နောင်တရမိကြောင်း ကြေညာပါတယ်။

BATဟာ ၂၀၀၇ ကနေ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မလိုက်နာဘဲ မြောက်ကိုရီးယားဆီ စီးကရက်တွေ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၂၅ ရက်က အပြီးသတ် ညှိနှိုင်းမှုမှာ BATရဲ့ တာဝန်ရှိသူတွေ၊ အမေရိကန်ရဲ့ တရားရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှု မူဝါဒတွေနဲ့ ပတ်သက်ပြီး အဓိက တာဝန်ယူ ကိုင်တွယ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေနဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်လာတဲ့နောက် အမေရိကန်က တင်းတင်းမာမာ အရေးယူ ပိတ်ဆို့မှုတွေ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

BATဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စီးကရက် ကုမ္ပဏီကြီးဖြစ်ပြီး ဗြိတိန်ရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းကြီး ၁၀ ခုထဲမှာလည်း ပါဝင်ပါတယ်။ BATရဲ့ လက်အောက်မှာ Lucky Strike၊ Dunhillနဲ့ Pall Mallတို့လို နာမည်ကြီး စီးကရက် အမှတ်တံဆိပ်တွေကို ပိုင်ဆိုင်ထားကြောင်းလည်း သိရပါတယ်။

 

Ref: BBC