ဆန်စျေးကွက်တည်ငြိမ်ဖို့ ထိရောက်တဲ့အရေးယူမှုတွေလိုအပ်နေတယ်လို့ ဝေဖန်

ဧပြီ၊ ၂၆
 
ပြည်တွင်း ဆန်ဈေးကွက် တည်ငြိမ်ဖို့အတွက် ဈေးကစားနေတဲ့ ကုန်သည်၊ ပွဲစား၊ ကြားပွဲစားတွေကို ခေါ်ယူသတိပေးရုံနဲ လုံလောက်မှာမဟုတ်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဆန်ကုန်သည်တွေနဲ့ တောင်သူတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။
 
” သူတို့ (ဆန်းစပါးအဖွဲ့ချုပ်)က ဈေးနှုန်းတခု သတ်မှတ်လိုက်မယ်၊ အဲဒီဈေးနှုန်းအပေါ်မှာ ကုန်သည်တွေက သေချာထိန်းသိမ်းပြီး တကယ်ပဲ အပြစ်ပေးအရေး ယူမှာလား၊ ဘယ်လိုလုပ်မှာလည်း သေချာတိတိကျကျနဲ့ ထုတ်ပြန်ဖို့ လိုမယ်ထင်တယ်၊ မြေပြင်က ကုန်သည်တွေ၊ တောင်သူတွေနဲ့ သေချာညှိနှိုင်းလုပ်ဆောင်ရင်တော့ ဈေးကွက်က တည်ငြိမ်လာမယ်လို့ ထင်တယ် ” လို့ ရန်ကုန်မြို့က ဆန်ကုန်သည်ကြီးတဦးက ပြောပါတယ်။
 
ဆန်စပါးကုန်သည်များအသင်းရဲ့ ဧပြီလ ၂၄ ရက်ထုတ်ပြန်ချက်အရ ဆန်ချောအုပ်စုဝင် ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၁၀၅,၀၀၀ ကနေ နှစ်ရက်အတွင်း ကျပ် ၈၀၀၀ အထိမြင့်တက်သွားသလို ဆန်ကြမ်းအုပ်စုဝင် ရက် (၉၀) ဆန်တအိတ်ကို ကျပ် (၆၇,၀၀၀)ကနေ နှစ်ရက်အတွင်း (၇၀,၀၀၀) ကျပ်အထိ မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
 
ရက်ပိုင်းအတွင်း ပြည်တွင်းမှာ ဆန်ကြမ်း၊ ဆန်ချောဈေးတွေ ရုတ်တရက်မြင့်တက်လာခဲ့ပြီး စားသုံးဆန်ဈေးနှုန်းတွေ မြင့်တက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေသူတွေ ရှိတာကြောင့် ဆန်စျေးနှုန်း တည်ငြိမ်စေဖို့နဲ့ ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြချက်မှာပါဝင်ပါတယ်။
 
ဒါ့ကြောင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်တွေ၊ ဆန်စက်ပိုင်တွေ၊ ဆန်ကုန်သည်တွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကုန်သည်၊ ပွဲစား၊ စက်ပိုင်တွေအနေနဲ့လည်း ရေတိုအကျိုးအမြတ်နဲ့ ရေရှည်အကျိုးစီးပွားကို မျှမျှတတ ချင့်ချိန်ရောင်းဝယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
 
ဒါ့အပြင် ဆန်ဈေးမြင့်တက်စေရေးနဲ့ စားသုံးပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်စေဖို့ လှုံ့ဆော်နေသူတွေ၊ Online ပေါ်မှာ စိုးရိမ်စိတ်ဖြစ်လာစေတဲ့ မမှန်တဲ့ ဈေးနှုန်းသတင်းအချက်အလက်တွေ တင်နေတဲ့သူတွေကို ဆန်စပါးလောကရဲ့ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်သွားမှာဖြစ်သလို စည်းရုံးသတိပေးပြီးမှ ထူးခြားမှုမရှိရင် သက်ဆိုင်ရာကို တင်ပြသွားမှာဖြစ်တာကြောင့် သက်ဆိုင်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
 
” ကုန်သည်ကြီးတွေနဲ့ ပွဲစားတွေက ပေါင်းပြီး ရွာတွေဘက်မှာ ဈေးနှိမ်ပြီးဝယ်ကြတယ်၊ ရောင်းဝယ်ရေးမှာက တချို့ဒေသတွေမှာ နယ်မြေမအေးချမ်းတော့ အဲဒီဘက်မှာ ဆန်ဈေးတွေက မြောက်တတ်သွားကြတယ်၊ မြေပြင်မှာက ဆန်စပါးလိုအပ်ချက်၊ စားသောက်မှုအပေါ် မူတည်ပြီးတော့ ရောင်းဝယ်နေကြရတာ၊ အခုသူတို့ ထုတ်ပြန်လိုက်မှပဲ လူတွေက ကြောက်လန့်ပြီး ဆန်တွေ ဈေးတက်ကုန်ပြီး စိုးရိမ်မှုတွေ ရှိလာတယ် ” လို့ ရန်ကုန်မြို့က ဆန်ကုန်သည်ကြီးတဦးက ပြောပါတယ်။
 
လက်ရှိ ဆန်ဈေးကွက်တည်ငြိမ်ဖို့ဆိုရင် မြေပြင်က တောင်သူလယ်သမားတွေ၊ ကုန်သည်တွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်ပြီး ဈေးကွက်ကစားနေသူတွေကို ခေါ်ယူသတိပေးရုံနဲ့ မပြီးဘဲ ထိရောက်တဲ့ အရေးယူတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆန်ကုန်သည်တွေက ထောက်ပြပါတယ်။
 
ဈေးကွက်အတွင်းမှာတော့ ဆန်ကြမ်းနဲ့ ဆန်ချောတွေဟာ သင်္ကြန်မတိုင်ခင်ကတည်းက ဈေးနှုန်းတက်နေတာဖြစ်ပြီး မြေပြင်မှာ ဆန်စပါးကုန်သည်များအသင်းရဲ့ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းထက် အနည်းငယ်ပိုများနေကာ ဆန်ဈေးကလည်း ထပ်တက်လာဖို့ ရှိသေးတယ်လို့ မွန်ပြည်နယ်က ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
” ကျွန်မတို့ဆီမှာ ဆန်ဈေးတက်နေတာကြာပြီ၊ တဖြည်းဖြည်းစတက်နေတာ သင်္ကြန်မတိုင်ခင်ပဲ၊ နှစ်ထောင်နဲ့ တက်လာတယ်ပေါ့။ အခုလက်ရှိ ဆန်ချောနဲ့ ဆန်ကြမ်းရောပဲ သူတို့ထုတ်ပြန်ထားတဲ့ဈေးနှုန်းနဲ့ ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အဲဒီဝန်းကျင် လောက်ပိုများလာတယ်၊ အခုလည်း ဆန်ဈေးထက်တတ်ဖို့ ရှိသေးပါတယ်၊ ဒီပုံစံအတိုင်းဆိုရင်ပေါ့နော်၊ ဈေးက ကျမှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ ဈေးကွက်မှာ ဆန်အဝင်နည်းလာတယ်၊ ထုတ်လုပ်မှုနည်းလာတာရယ်၊ တချို့တွေကလည်း သိုလှောင်ထား ကြတယ်ပေါ့။ ဈေးကစားတာလည်း ပါတယ် ” လို့ အဲဒီဆန်လုပ်ငန်းရှင်က ပြောပါတယ်။
 
မြန်မာနိုင်ငံမှာနှစ်စဉ်ပျှမ်းမျှစပါးစိုက်ဧက ၁၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၂၅ သန်းကနေ ၂၇ သန်းအတွင်း ထွက်ရှိနေတာဖြစ်ကာ ပြည်ပနိုင်ငံပေါင်း ၂ဝ ကျော်ကို နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းကနေ သုံးသန်းသန်းနီးပါး အထိတင်ပို့ရောင်းချနေပေမယ့် ပြည်တွင်းစားသုံးမှုအတွက်လည်း လုံလောက်မှုရှိနေပါတယ်။
 
ဒါပေမယ့် ကုန်သည်တွေ၊ ပွဲစားတွေ၊ ကြားပွဲစားတွေက အဆင့်ဆင့် စျေးကစားတာကြောင့် စပါးစိုက်တောင်သူတွေဟာလည်း အကျိုးအမြတ်များများမရဘဲ စားသုံးသူတွေဟာ စျေးကြီးပေးဝယ်စားနေရတာ ဖြစ်ပါတယ်။
 
” ဆန်ဈေးတက်တော့ အပိုကုန်ကျငွေများသွားတယ်ပေါ့။ နည်းနည်းတက်လည်း နည်းနည်းထိတာပဲ။ တနေ့မှာ ကျပ်တသောင်းနဲ့ လောက်တယ်ဆိုရင် အခုက ဆန်ဈေးတက်ရင် တက်လာတဲ့အပေါ်မှာ ငွေပိုကုန်သွားပြီလေ။ အပိုကုန်ကျငွေများလာတဲ့အခါကျတော့ စုဖို့စုစောင်းဖို့ကလည်း ပိုနည်းသွားတယ်ပေါ့။ အခုကာလက အိမ်ထောင်ရှင်မတွေအတွက် ပိုခက်ခဲကြပ်တည်းလာတယ် ” လို့ မွန်ပြည်နယ်၊ သထုံမြို့နယ်က အိမ်ထောင်ရှင်မတဦးက ပြောပါတယ်။
 
အစစအရာရာစျေးတက်လို့ခြွေတာနေရပေမယ့် ထမင်းစားတာကိုတော့ ခြွေတာလို့မရတဲ့အတွက် တချို့မိသားစုတွေဟာ စျေးကြီးတဲ့ ဆန်ချောကို ဆန်အကြမ်းနဲ့ရောစားပြီး ကုန်ကျစရိတ်လျှော့ချတာတွေလည်း ရှိတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောကြပါတယ်။
 
” ဆန်ဈေးက တတ်နေတာပေါ့။ ဒီအာဏာသိမ်းပြီးတဲ့အချိန်ကတည်းက အရင်တုန်းတအိတ်ကို ၆ သောင်းထားပါတော့ ဝယ်စားနိုင်တယ်။ ဆန်အချောပေါ့နော်။ အခုကျတော့ ရှယ်တအိတ်ကို တသိန်းကျော်လောက်ရှိလာပြီလေ။ ဒီတော့ မစားနိုင်တော့ဘူး အမှန်တိုင်းပြောရရင်ပေါ့လေ။ အဲဒါကြောင့် အရည်အသွေးနိမ့်တဲ့ ဆန်တွေနဲ့ ရောစားပြီး ဝယ်စားနေရတယ်တဲ့ အခြေအနေပေါ့ ” လို့ ရန်ကုန်မြို့က အိမ်ထောင်ရှင်မတဦးက ပြောပါတယ်။
ဓာတ်ပုံ – MMR