ပြည်တွင်းဆန်စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာပြီး အတက်ဘက်ကိုသာဦးတည်နေ

မေ၊ ၂၄
 
ပြည်တွင်းမှာဆန်‌စျေးနှုန်း တရိပ်ရိပ်မြင့်တက်လာတာ ဆန်ချောတအိတ်ကို ကျပ်တသိန်းကျော်အထိ ပေးဝယ်နေရပြီး ဆန်စျေးဟာ စျေးအတက်ဘက်ကိုသာ ဦးတည်နေတယ်လို့ ဆန်ရောင်းဝယ်သူတွေက သုံးသပ်နေကြပါတယ်၊၊
 
” တော်ရုံ တောင်သူကြီးတချို့ကလွဲလို့ တောင်သူအများစုလက်ထဲ စပါးမကျန်တော့ပါဘူး။ စပါးထွက်ထဲက ထုတ်လုပ်မှု ကုန်ကျစရိတ်တွေနဲ့ဆိုတော့ တောင်သူတွေက တခါထဲ အကုန်ရောင်းကြတာ၊ အဲ့တော့ဆန်ကုန်သည်လက်ထဲမှာပဲ ကုန်ပစ္စည်းကျန်နိုင်တော့တာမို့ အတတ်ဘက်လို့ပဲ မြင်တယ် ” ရန်ကုန်မြို့က ဆန်လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဆန်စျေးကွက်ဟာ တောင်သူလက်ထဲ စပါးကုန်လေ့ရှိတဲ့ ဩဂုတ်လပိုင်းကနေ နိုဝင်ဘာလပိုင်းဝန်းကျင်တွေမှာ စျေးတက်လေ့ရှိပြီး ဒီနှစ်မှာ ဆန်စျေးက အကျမရှိဘဲ တရိပ်ရိပ်မြင့်တက်လာတာကြောင့် စျေးတက်မယ့်ရာသီရောက်ရင် ဆန်စျေးနှုန်ပိုမြင့်တက်လာပြီး မတွေးရဲစရာအခြေအနေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလအစပိုင်းထဲက အားကောင်းတဲ့ မိုချာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်တွင်းက ဆန်ဆိုင်ကြီး​တွေနဲ့ စျေးဝယ်စင်တာတွေမှာ ဆန်လာရောက်ဝယ်ယူသူများပြားခဲ့ပြီး ဆန်စျေးတက်လာခဲ့ပေမယ့် အခုထိ စျေးပြန်မကျသေးဘူးလို့ စားသုံးသူပြည်သူတွေက ဆိုကြပါတယ်။
 
“ ဆန်စျေးက မုန်တိုင်းရှိတဲ့ရက်က တက်သွားတယ်လေ၊ ဒါပေမယ့် အခုထိ စျေးက ပြန်မကျသွားဘူး၊ တချို့ဆန်ဆိုင်တွေဆို ဒီရက်ထဲ နည်းနည်းလေးတက်သွားတယ်၊ စျေးကတခါနဲ့တခါမတူဘူး၊ မေးကြည့်ရင် သူတို့လည်း ထပ်ဝယ်ရတဲ့စျေးက အရင်စျေးနဲ့မရတော့လို့ လို့ပြောတယ် ” လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတဦးကပြောပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံက လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်တွေလည်ပတ်နိုင်မှု နည်းတာ၊ ဓာတ်မြေဩဇာနဲ့ ဆက်စပ်ပစ္စည်းတွေမြင့်တက်တာ၊ နွေစပါးအထွက်နူန်းတွေ လျော့ကျတာ၊ သွင်းအားစုစရိတ်နဲ့ အထွေထွေစရိတ်တွေ မြင့်တက်လာတာကြောင့် ဆန်စျေးက အတက်ဘက်ကိုသွားနေတာဖြစ်နိုင်တယ်လို့ စီးပွါးရေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။
 
ဓာတ်မြေဩဇာစျေးနှုန်းက အာဏာမသိမ်းခင်ကာလက တအိတ်ကို သုံးသောင်းဝန်းကျင် ရှိခဲ့ရာက အခုဆိုရင် တစ်အိတ်ကို သိန်းကျော်တဲ့အထိပေး စပါးစိုက်တောင်သူ ဝယ်နေကြရပါတယ်။
 
“ ဆန်စျေးတက်လာတာက သွင်းအားစုတွေ စျေးတက်လာတာကြောင့်လို့ ပြောလို့ရတယ်။ သိုလှောင်တာကြောင့်ချည်းဘဲတော့ မဟုတ်ဘူး။ သိုလှောင်တာနဲ့ မဆိုင်ဘူး။ အဓိကအားဖြင့်တော့ ဆက်စပ်မှုမရှိဘူး။ ဒီဇယ်စျေးတွေတက်လာတယ်၊ ဓာတ်မြေဩဇာစျေးတွေ တက်လာတယ်။ ဒီ၂၀၂၂ မှာဆိုရင်ပိုတက်လာတယ်။ အဲ့တော့ သွင်းအားစုတွေတက်တော့ လယ်သမားတွေ လိုက်မတက်လို့မရဘူးလေ။ နောက်ပြီး သွင်းအားစုတွေဝယ်ဖို့ စိုက်ပျိုးစရိတ်ချေးငွေတို့ အရင်းအနှီးတို့၊ လမ်းမှာ ဂိတ်တွေပိုများလာတာတို့၊ စစ်ကိုင်းတို့မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဆန်အထွက်နှုန်းတွေလျော့ကျလာပြီး ဆန်ကပိုရှားလာတယ် ” လို့ အမည်မဖော်လိုသူ စီးပွါးရေးပညာရှင်တဦးက သုံးသပ်ထားပါတယ်။
 
အာဏာမသိမ်းခင်က ဆန်စပါး လက်လီဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းမွှေးဆန် တပြည်ကို ၂၅၀၀၊ ဧရာဝတီ‌ပေါ်ဆန်း ၂၂၀၀ နဲ့ ဆန်ကြမ်း တပြည်ကို ၁၂၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာမှ အာဏာသိမ်းပြီး ၂နှစ်ခွဲကျော်အကြာမှာ ရွှေဘိုပေါ်ဆန်းတပြည်ကို ၄၃၀၀ ဧရာဝတီ‌ပေါ်ဆန်း ၃၈၀၀၊ ဆန်ကြမ်း ၂၇၀၀ကျပ်အထိ မြင့်တက်နေပြီး အခြားကုန်ဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်လာပါတယ်၊၊
 
အာဏာမသိမ်းခင်က ဆန်ဈေးကွက်ဟာ စပါးပေါ်ချိန်ရာသီတွေအလိုက် ပြောင်းလဲမှုရှိပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဆန်ဈေးကွက်ဟာ တရိပ်ရိပ်မြင့်တက်ကာ အတက်သာရှိပြီး ဈေးပြန်ကျဖို့ မလွယ်ကူတော့တဲ့ အနေအထားမှာရောက်နေတယ်လို့လည်း ဆန်ရောင်းဝယ်သူတွေက ပြောပါတယ်၊၊
 
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းက ဆန်ရောင်းဝယ်သူတွေအနေနဲ့ ဆန်အိတ် တထောင်နဲ့အထက် နဲ့စပါးတင်းငါးထောင်အထက် သိုလှောင်ထားပါက မှတ်ပုံတင်ရမှာဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Google