လောင်းလုံးပစ်ခတ်မှုအပြီး စစ်ကောင်စီက အရပ်သားလေးဦးကို ဖမ်းဆီး

မေ၊ ၂၄
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့က လဝကရုံးအပါအဝင် ရုံးသုံးခု ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်နေအရပ်သားလေးဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
“ မနေ့ညနေပိုင်းလောက်မှာပဲ၊ လေးယောက်လုံး ဖမ်းခံလိုက်ရတာ၊ အဓိကတော့ ဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ပဲလို့ သိထားရတယ်ပေါ့၊ အခုဖမ်းခံရတာက အခုပစ်ခံရတဲ့ ရုံးအနားမှာ နေထိုင်ကြတဲ့သူတွေပါပဲ။ အဲဒီထဲက တယောက်ဆို သူ့အဖေက ရဲတပ်ဖွဲ့ဝင်ဟောင်းလည်း ပါတယ်။ အားလုံးကတော့ လူငယ်ပိုင်းတွေလို့ ပြောလို့ရတယ် ” လို့ လောင်းလုံးမြို့ခံတဦးက ပြောပါတယ်။
မနေ့က နံနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ)၊ မြို့နယ်လဝကရုံးနဲ့ မြို့မရဲစခန်းတို့ကို Guerrilla Dawei၊ ထားဝယ်နဂါး တပ်ခွဲ ၅ က ရဲဘော်နဲ့ ပူးပေါင်းအဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ လောင်းလုံးမြို့ပေါ်မှ (က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၃၀)နှစ် ဝန်းကျင်အရွယ် လင်မယားနှစ်ဦးနဲ့ နောက်ထပ်အမျိုးသားတစ်ဦးအပါအဝင် (ခ)ရပ်ကွက်မှ အသက် ၂၀ ကျော်အရွယ်အမျိုးသမီးတဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“ အခုတော့ မြို့မရဲစခန်းမှာပဲ သူတို့လေးယောက်လုံးကို စစ်ဆေးနေတုန်းပဲ၊ ပြန်မလွှတ်ပေးသေးပါဘူး၊ သူတို့က သာမန်အရပ်သားတွေပါပဲ၊ အိမ်ကလူတွေတော့ စိတ်ပူနေကြတာပေါ့။ သူတို့ကတော့ ဒီလိုမျိုးဖြစ်လာရင် သူတို့ထင်တဲ့မြင်တဲ့ လူငယ်တွေဆို လိုက်ဖမ်းနေတာပဲ ” လို့ မြို့ခံက ပြောပါတယ်။
အဆိုပါဌာနဆိုင်ရာရုံးသုံးခုကို နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ လဝကဒုဦးစီးမှူး ဦးသိန်းမင်းလတ်သေဆုံးပြီး အခြားဝန်ထမ်းတဦးဒဏ်ရာရကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ Guerrilla Dawei မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ စရဖရုံးကို လေးယောက်ဝင်ပစ်တယ်၊ နှစ်ဖက်ပစ်ခတ်မှုဖြစ်တယ်၊ မြို့မရဲစခန်းကို နှစ်ယောက်ပဲ ၄၀ မမနဲ့ပစ်တယ်၊ လဝကရုံးကို ရှစ်ယောက်နဲ့ ဝင်စီးတာပေါ့၊ လဝကရုံးကို ဝင်တော့ ဦးစီးအရာရှိက သေနတ်နဲ့အရင်လှမ်းပစ်လို့ ရဲဘော်တဦး ဗိုက်မှာ ရှပ်ထိသွားတာ၊ အဲဒါက သူက တံခါးကနေ ထွက်ပြေးသွားတယ်၊ နောက်ဒုဦးစီးကတော့ ခုခံဖို့နဲ့ ထွက်ပြေးဖို့လုပ်နေတုန်း၊ သူ့ကို ပစ်လိုက်တယ်ပေါ့၊ တခြားဝန်ထမ်းတွေလည်း ရှိတယ်၊ ငြိမ်ငြိမ်နေခိုင်းတယ်၊ ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ဘူး။ ပြန်ဆုတ်လာတယ်ပေါ့ ” လို့ ပြောပါတယ်။
အဆိုပါလဝကရုံးကို ဝင်ရောက်စီးနင်းချိန်မှာ ရုံးထဲမှာ အရပ်သား ၃၀ ဝန်းကျင်မက ရှိနေပြီး စစ်ဆင်ရေးအတွင်းမှာ အရပ်သားတဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စရဖရုံးနဲ့ မြို့မရဲစခန်းတိုက်ခိုက်ခံရမှုမှာတော့ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို အတည်ပြုပေးနိုင်ခြင်းမရှိသေးဘူးလို့ Guerrilla Dawei မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓာတ်ပုံ – Guerrilla Dawei