ဇီးကုန်းမြို့နယ်က ဒေသခံတဦးကို ထောင်ဒဏ်နှစ်ငါးဆယ်နဲ့ လျှပ်စစ်ဝန်ထမ်းသုံးဦးကို ထောင်ဆယ်နှစ်စီ စစ်ကောင်စီချမှတ်

မေ၊ ၂၄
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်က ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ်ငါးဆယ်အထိ ချမှတ်လိုက်သလို မြို့နယ်လျှပ်စစ်ရုံးပေါက်ကွဲမှုအတွက် ဖမ်းဆီးခံထားရတဲ့ လျှပ်စစ်ဝန်ထမ်းသုံးဦးကိုလည်း ထောင်ဆယ်နှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
 
ပေါင်းတည်မြို့အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံရတဲ့ အဲ့ဒီအမျိုးသားလေးဦးကို ပေါင်းတည်ထောင်တွင်း အထူးတရားရုံးက ဒီကနေ့မနက်ပိုင်းမှာ နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ ဇီးကုန်း ရဲစခန်း စခန်းမှူး ဇော်နိုင်က တရားလိုလုပ်ပြီး တရားသူကြီး ဦးနေထွန်းက အမိန့်ချလိုက်တယ်၊ အခုတော့ အမိန့်ချပြီးသားသူတွေထားတဲ့ တိုက်ကိုပို့လိုက်ပြီ၊ သူတို့တွေကို အတူမထားဘဲ အခြားသူတွေနဲ့ ခွဲထားမယ်ဆိုတာလောက်ပဲ သိရတယ် ” လို့ ပေါင်းတည်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဇီးကုန်းမြို့နယ် အမှတ် (၄)ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဗညားမျိုးသန့်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း ထန်တပင်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်လို့ ဖမ်းဆီးခဲ့တာဖြစ်ပြီး PDF သင်တန်းဆင်းတဦးဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။
 
စစ်ကောင်စီက ကိုဗညားမျိုးသန့်ကို အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ အမှုနှစ်မှုစွဲဆိုကာ စုစုပေါင်း ထောင်ဒဏ်နှစ်ငါးဆယ်ချမှတ်လိုက်တာလို့ သိရပါတယ်။ ဇီးကုန်းမြို့နယ် လျှပ်စစ်ရုံးက ဝန်ထမ်းတွေဖြစ်တဲ့ ကိုရဲနိုင်၊ ကိုသော်ဇင်ထက်နဲ့ ကိုထင်လင်းဦးတို့ကိုတော့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကုန်ပိုင်းကဖြစ်ခဲ့တဲ့ လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေလို့ဆိုကာ ဖမ်းဆီးခဲ့တာပါ။
 
ဒီကနေ့ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ လေးဦးလုံးဟာ ဇီးကုန်းမြို့နယ်အမှတ် (၄)ရပ်ကွက်မှာ တရပ်ကွက်တည်း နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
 
” သူတို့ (စစ်ကောင်စီ)စွပ်စွဲပြီး အခုချမှတ်လိုက်တဲ့ ပုဒ်မတွေနဲ့က စစ်ကြောရေးမှာကတည်းက သူတို့မလုပ်ခဲ့ကြောင်း အကြိမ်ကြိမ်ထွက်ဆိုပြီးသား၊ သူတို့ပြောတဲ့အမှုတွေ ဖြစ်ပွားချိန် တရားခံသတ်မှတ်ခံရသူတွေက မိသားစုတွေနဲ့ ရှိနေတဲ့အချိန်ဆိုတာကို သက်သေထွက်ဆိုပေးလို့ရတဲ့သူတွေလည်း ရှိတယ်၊ ဒါပေမဲ့ သက်သေထွက်ဆိုခွင့် မရခဲ့ဘူး ” လို့ နီးစပ်သူတဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့နှစ်ရှည် ထောင်ဒဏ်အမိန့်တွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူတွေက အယူခံဆက်ဝင်ဖို့ ပြင်ဆင်ထားပြီး အယူခံဝင်ခွင့်ပေး၊ မပေးဆိုတာတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ 
ဓာတ်ပုံ – Google