ရခိုင်မှာ မုန်တိုင်းကြောင့်ပျက်သွားတဲ့ စာသင်ကျောင်းတွေ မပြင်နိုင်သေးဘဲ ကျောင်းအပ်လက်ခံခိုင်းနေ

မေ၊ ၂၃
 
အာဏာသိမ်းစစ်ကောင်စီဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ထောင်ချီရှိတဲ့ ရခိုင်မှာ ကျောင်းဆောင်တွေကို ပြန်လည်ပြင်ဆင်၊ တည်ဆောက်ပေးတာမျိုး မလုပ်ပေးသေးဘဲ ကျောင်းအပ်လက်ခံခိုင်းနေတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောကြပါတယ်။
 
“ ဒီနေ့စပြီး ကျောင်းအပ်လက်ခံကြရတယ်၊ မြို့ပေါ်ရော နယ်တွေမှာပါ ကျောင်းတိုင်းလက်ခံဖို့ ညွှန်ကြားလာတာပါ၊ ကျောင်းတွေကို အရင်ပြင်မပေးဘဲ ကျောင်းလက်ခံခိုင်းတာက နည်းလမ်းမကျဘူး၊ လုံး၀ပျက်သွားတဲ့ ကျောင်းတွေမှာ ဘယ်လိုလက်ခံကြမလဲ ” လို့ ရသေ့တောင်မြို့နယ်က မူတတန်းကျောင်းအုပ်တဦးက DNA ကို ပြောပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဦးတည်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းဆောင်ပေါင်း (၂၀၀၀) ကျော်လောက် ပျက်စီးသွားခဲ့ကာ မုန်တိုင်းပြီးလို့ ဆယ်ရက်အကြာ ဒီနေ့ထိတိုင် ကျောင်းဆောင်တွေကို စစ်ကောင်စီက ပြင်ဆင်၊ တည်ဆောက်ပေးတာမျိုး မတွေ့ကြရသေးဘူးလို့ ပညာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
 
“ မြို့ပေါ်ကျောင်းတွေအတွက်တော့ ပြည်နယ်က သွပ်တွေပို့ထားပြီ၊ နယ်က ကျောင်းတွေကိုကျတော့ ဘယ်တော့ပြင်ပေးမလဲ မသိဘူး ” လို့ ပေါက်တောမြို့က ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အဲဒီလို ကျောင်းဆောင်တွေ ပြန်တည်ဆောက်ပေးခြင်းမရှိသေးတဲ့အခြေအနေမှာ ကျောင်းလက်ခံဖို့အခက်အခဲရှိနေပြီး ကျောင်းဖွင့်ကာလရောက်တဲ့အခါမှာဆိုရင်တော့ ကျောင်းဆောင်မရှိရင် ကျောင်းဖွင့်ဖို့ လုံး၀အဆင်ပြေမှာမဟုတ်ဘူးလို့ ကျောင်းအုပ်ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။
 
“ စာသင်ကျောင်းခေါင်မိုးတွေ အကုန်ပွင့်ထွက်သွားတယ်၊ ရွာမှာရှိတဲ့ တခြားအဆောက်အဦကြီးတွေလည်း ပြိုသွားတယ်၊ အဲဒါ ဘယ်လိုကျောင်းလက်ခံမလဲ၊ တနေရာရာမှာစုပြီး လက်ခံလိုက်လို့ ရသေးတယ်ထားအုံး၊ ကျောင်းဖွင့်တဲ့အခါ ကျောင်းဆောင်မရှိဘဲ ဘယ်လိုစာသင်ကြမလဲ ” လို့ ပေါက်တောမြို့နယ်က ကျောင်းဆရာတဦးက ပြောပါတယ်။
 
မုန်တိုင်းကြောင့် နေအိမ်တွေ၊ စာသင်ကျောင်းဆောင်တွေ ပျက်စီးဆုံးရှုံးမှုအများဆုံးရှိခဲ့တဲ့ ရသေ့တောင်မြို့နယ်မှာဆိုရင် ကျောင်းအပ်လက်ခံဖို့ ညွန်ကြားလာတဲ့အတွက်ကြောင့် ပြိုပျက်မသွားဘဲ ကျန်နေခဲ့တဲ့ နေအိမ်တွေမှာစုပြီး ဖြစ်သလိုလက်ခံနေကြတယ်လို့ ရသေ့တောင်မြို့နယ် မူစဲကျွန်းက ကျောင်းအုပ်တဦးက ပြောပါတယ်။
 
“ ကျောင်းပြန်ဆောက်ဖို့၊ အမိုးတွေပြန်မိုးဖို့ကိစ္စကတော့ အခုထိ ဘာမှမသိရသေးဘူး၊ ဘယ်တော့ လာလုပ်မလဲမသိဘူး ” လို့ သူကဆိုပါတယ်။
 
ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ပြောခွင့်ရ ဦးလှသိန်းကတော့ လာမယ့်ဇွန်လ ၁ ရက်မှာ နိုင်ငံတဝှမ်းရှိ ကျောင်းတွေနဲ့တပြေးညီ ရခိုင်ပြည်နယ်မှာပါ ကျောင်းဖွင့်နိုင်ရေးအတွက် လုပ်ဆောင်နေပြီး ကျောင်းတွေကို အမြန်ဆုံးတည်ဆောက်နေတယ်လို့ ဆိုထားပါတယ်။
 
“ ဇွန်လ ၁ ရက်နေ့မှာ ကျောင်းဖွင့်လှစ်နိုင်ရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတယ်၊ ဒီမှာ ပညာရေးဒုဝန်ကြီးနဲ့ ဆောက်လုပ်ရေးဒုဝန်ကြီးရှိတယ်၊ သူတို့နှစ်ယောက် ပူးပေါင်းပြီးတော့ ကျောင်းတွေကို ဇွန်လ ၁ ရက်နေ့အမှီ၊ အဓိကတော့ ခေါင်မိုးလန်တာတွေကို အကုန်လုံးပြီးအောင်ပေါ့၊ တချို့ပျက်တဲ့ကျောင်းတွေကိုလည်း အမြန်ဆုံးပြီးအောင် လုပ်နေတယ် ” လို့ ဦးလှသိန်းက ပြောပါတယ်။
 
ဒါပေမယ့် လက်ရှိမှာ ကျောင်းဆောင်အရေအတွက်ဘယ်လောက်ကို ပြင်ဆင်၊ တည်ဆောက်ပေးပြီးပြီဆိုတဲ့ တိကျတဲ့အချက်အလက်တွေကိုတော့ သူက ဖြေကြားတာမရှိပါဘူး။
 
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်မြို့နယ်တွေက ပညာရေးအသိုင်းအဝိုင်းနဲ့ ဒေသခံတွေဆီ DNA က ဆက်သွယ်မေးမြန်းချက်တွေအရတော့ လက်ရှိမှာ မြို့ပေါ်ကျောင်းတွေလောက်ပဲ ပြင်ဆင်တည်ဆောက်နေတာရှိပြီး နယ်ကျေးရွာတွေက စာသင်ကျောင်းဆောင်တွေကို ပြင်ဆင်ပေးတာမျိုး မတွေ့ရသေးဘူးလို့ ပြောကြပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနဟာ ယခုပညာသင်နှစ်မှာ မေလ ၂၃ ရက်ကနေ မေလ ၃၁ ရက်အထိကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်မှာ ကျောင်းစဖွင့်မယ်လို့ ဆိုထားပါတယ်။ 
ဓာတ်ပုံ – CJ