တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာက ဒေသခံဆယ်ဦးခန့်ကို စစ်ကောင်စီဖမ်းဆီး

မေ၊ ၂၃
 
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုက ဒေသခံဆယ်ဦးခန့်ကို စစ်ကောင်စီတပ်တွေက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ အဲဒီဒေသခံအမျိုးသား ဆယ်ဦးခန့်ကို မေ ၂၂ ရက် မနေ့ကညနေပိုင်းက အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဘန်းလမွတ်ကျေးရွာဒေသခံတဦးက ဆိုပါတယ်။
 
” ဘာကြောင့်လဲဆိုတာ မသိရသေးဘူး။ အင်အားအလုံးအရင်းနဲ့ လာဖမ်းတာ။ ဖြစ်နိုင်ခြေကတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်စပ်လို့တော့ ဖြစ်နိုင်တယ်လို့ သုံးသပ်ရတာပဲ။ အခုထိတော့ ပြန်လွတ်လာတာ မတွေ့သေးဘူး ” လို့ ဘန်းလမွတ်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၅၀ အတွင်းအမျိုးသားတွေဖြစ်ပြီး အဲဒီရွာမြောက်ဘက်က တပ်ထဲကို ခေါ်ဆောင်သွားပြီး တဦးကိုတော့ ရိုက်နှက်စစ်ဆေးနေတယ်လို့လည်း ဘန်းလမွတ်ကျေးရွာဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေဟာ ဘာကြောင့်ဖမ်းဆီးခံရတယ်၊ ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲခံထားရတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း မတွေ့ရသေးပါဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
ဘန်းလမွတ်ကျေးရွာဟာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတဲ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့ ဒေသတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
 
” အဲ့နေရာမှာက စစ်တပ်နဲ့ PDF တွေ မကြာခဏတိုက်ပွဲဖြစ်တဲ့ နေရာလည်းဖြစ်သလို စစ်တပ်စစ်ကြောင်းတွေ မကြာခဏ မိုင်းဆွဲခံရတာ ရှိတယ် ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ မေ ၂၁ ရက်၊ ၂၂ ရက်တွေမှာလည်း ရေဖြူမြို့နယ် စီးပွားရေးလုပ်ငန်းရှင်ဆယ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါသေးတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
 
လက်ရှိမှာတော့ အဲ့ဒီဖမ်းဆီးခံရတဲ့ လုပ်ငန်းရှင်ဆယ်ဦးထဲက ငါးဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ Dawei Watch သတင်းဌာနက ဖော်ပြထားပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 
ဓာတ်ပုံ – CJ